AA စစ်ရေးအောင်မြင်တာ ဘာကြောင့်လဲ

AA စစ်ရေးအောင်မြင်တာ ဘာကြောင့်လဲ

“ရခိုင်ပြည်အတွင်း စစ်ကောင်စီကင်းစင်ရမည်” ဟု ကြွေးကြော်ထားသည့် အာရက္ခတပ်တော် (AA) သည် လက်ရှိတွင် ရခိုင်က မြို့နယ် ၁၃ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် မြို့နယ် ၁၄ ခုကို အပြီးသတ် သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

ထို့ကြောင့် အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့အစည်းများထဲတွင် အာရက္ခတပ်တော်သည် စစ်ရေးအောင်မြင်ဆုံးအဖွဲ့ဟု ပြည်တွင်း၊ ပြည်ပ စစ်ရေးကျွမ်းကျင်သူ အကဲခတ်တို့က မှတ်ချပေးနေကြသည်။

ယင်းကြောင်းအရာနှင့်ပတ်သက်ပြီး AA က “ယခုလို အောင်မြင်မှု အသီးအပွင့်များမှာ ရက္ခိုင်အမျိုးသားအဖွဲချုပ်/ အာရက္ခတပ်တော် တစ်ခုတည်း၏ ကြိုးပမ်းမှုတစ်ခုတည်းသာမဟုတ်ဘဲ အာရက္ခပြည်သူတစ်ရပ်လုံး၏ ဝန်းရံပံ့ပိုးမှု၊ မဟာမိတ်အဖွဲအစည်းများ၏ ပူးပေါင်းပါဝင်မှုများနှင့် အမည်ဖော်ပြ၍မရသေးသော မိတ်ဆွေတစ်ချို့၏ ဝန်းရံပံ့ပိုးမှုများကြောင့်” ဟု ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည်။

တော်လှန်ရေးတွင် ဝန်းရံပံ့ပိုးခဲ့ကြသည့် သက်ဆိုင်သော အဖွဲ့အစည်းတိုင်းနှင့် လူပုဂ္ဂိုလ်တိုင်းကို အလေးအနက် ကျေးဇူးတင်ကြောင်း AA က ဆိုသည်။

စစ်မြေပြင်အောင်မြင်မှုများ၏ အခြားတစ်ဖက်တွင်လည်း AA  ရဲဘော်ရဲဘက်များ၏ အသက်၊ ကိုယ်လက်ခန္ဓာ၊ ဘဝ ပေးဆပ်စွန့်လွှတ် အနစ်နာခံမှုများစွာရှိခဲ့ကြောင်း AA က ထုတ်ပြောသည်။

ရခိုင်ဒေသခံတစ်ဦးက “AA ရဲ့ ရဲဘော်တွေဟာ သန်မာတယ်။ စိတ်ဓာတ်တက်ကြွပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝတယ်။ ဒါတွေကတော့ ရခိုင်တွေရဲ့ဗီဇ စိတ်နေသဘောထားလို့ ဆိုရမယ်။ နောက်တစ်ခုက ရခိုင်ပြည်သူတွေကလည်း AA အပေါ်မှာ အပြည့်အဝကူညီပေးတာ။ ဘာပဲဖြစ်နေနေ စစ်ကို နိုင်အောင်တိုက်ပါ။ အခက်ခဲတွေကို ကြိတ်ခံနေမယ်ဆိုတဲ့ ပြည်သူအားပေးမှုတွေရှိနေတော့ စစ်နိုင်တာလို့ ပြောရမယ်” ဟု ဆိုသည်။

အာရက္ခတပ်တော်၏ ယနေ့ အောင်မြင်မှုများမှာ ရက္ခိုင်ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသာမက စစ်ကောင်စီကို တော်လှန်နေကြသော တော်လှန်ရေးအဖွဲအစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုဖြစ်ကြောင်း AA က ဆိုသည်။

AA သည် မြန်မာနိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားပြီး ဒေသပေါင်းစုံတွင် တပ်ဖွဲ့ဝင်များ စစ်ကူပါဝင်တိုက်ခိုက်ကာ တောင်ပေါ်၊ မြေပြန့် စစ်ရေးအတွေ့ကြုံ ကျေညက်ထား၍ တိုက်ခိုက်ရေးဗျူဟာ ကောင်းမွန်မှုရှိကြောင်း စစ်ရေးအကဲများက သုံသပ်ကြသည်။

“AA မှာက နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်၊ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတယ်။ ရက္ခိတလမ်းစဉ်ဆိုပြီး လမ်းပြမြေပုံလည်းရှိနေတယ်။ နောက်ပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်မှာ စုရုံးကြတော့ အားသာချက်တွေရှိတာပေါ့။ တပ်ဖွဲ့ဝင်တိုင်းက အနစ်နာခံပေးဆပ်မှု စိတ်ဓာတ်ရှိကြတယ်” ဟု စစ်ရေးစောင့်ကြည့်နေသူ လူငယ်တစ်ဦးက ပြောသည်။

၂၀၀၉ ခုနှစ် ကချင်ပြည်နယ် လိုင်ဇာတွင် လူငယ် ၂၆ ဦးဖြင့် စဖွဲ့ခဲ့သည့် AA သည် မြန်မာ့နိုင်ငံရေး အနိမ့်အမြင့် အတက်အကျ လမ်းခရီးတွင် မထင်မှတ်ဘဲ ပေါ်ပေါက်လာသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို မလွတ်တမ်း ဆုတ်ကိုင်နိုင်မှု၊ အသုံးချတတ်မှုတို့လည်း ပါဝင်ကြောင်း နိုင်ငံရေးအကဲခတ်များက ရှုမြင်ကြသည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...