ရခိုင်တွင် ပြည်ပနှင့် ပြည်မထုတ် ယစ်မျိုးကုန် သောက်သုံးရောင်းချခွင့် ယနေ့မှစ၍ AA ပိတ်ပင်

ရခိုင်တွင် ပြည်ပနှင့် ပြည်မထုတ် ယစ်မျိုးကုန် သောက်သုံးရောင်းချခွင့် ယနေ့မှစ၍ AA ပိတ်ပင်

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် ပြည်ပနှင့် ပြည်မဒေသထုတ် အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန်မှန်သမျှ သောက်သုံးရောင်းချခွင့်ကို ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ လုံးဝ ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်ပ၊ ပြည်မထုတ် ယစ်မျိုးကုန်မှန်သမျှ တင်သွင်းခွင့်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ပိတ်ပင်ခဲ့ပြီး လက်ကျန်ပစ္စည်းများကိုလည်း ၃ လအတွင်း အပြီးသတ်ရောင်းချရရန် AA အမိန့်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် သက်မှတ်ကာလ ပြည့်သွားပြီဖြစ်၍ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်များတွင် AA က သက်ဆိုင်ရာ စစ်ဒေသအလိုက် အမိန့်ထုတ်ပြန်ပြီး ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

“အရက်တွေ၊ ဘီယာတွေကို လုံးဝ ပိတ်လိုက်တဲ့ အခြေအနေဖြစ်တယ်။ ရောင်းချခွင့်ရော၊ သိုလှောင်ခွင့်ရော၊ သောက်သုံးခွင့်ရော၊ အကုန်လုံး ပိတ်ပင်လိုက်တာ” ဟု ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယစ်မျိုးကုန်များအား ရောင်းချခြင်း၊ သိုလှောင်ခြင်းနှင့် သောက်သုံးခြင်းများကို ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ လုံးဝ ပိတ်ပင်လိုက်ခြင်းဖြစ်၍ ရောင်းချ၊ သောက်သုံးပါက ထိရောက်စွာ အရေးယူသွားမည်ဟု AA က ဆိုထားသည်။

လက်ရှိအချိန်ထိ ရောင်းမထွက်ဘဲ ကျန်နေသေးသည့် အရက်၊ ဘီယာ၊ ဝိုင်တို့အား အာဏာပိုင်များအနေဖြင့် မည်သို့ စီစဉ်မည်ကို မသိရှိရသေးကြောင်း ယစ်မျိုးကုန်ရောင်းချသူများက ပြောကြသည်။

“သတ်မှတ်ချိန်ပြည့်သွားတော့ မရောင်းရတော့ဘူးပေါ့။ ရောင်းမထွက်ဘဲ ကျန်နေတဲ့ အရက်၊ ဘီယာတွေကို လာသိမ်းမလား၊ ဘယ်လိုစီစဉ်မလဲ မသိရသေးဘူး” ဟု မြောက်ဦးမြို့နယ်မှ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

ရခိုင်ဒေသသို့ ပြည်မဘက်မှ တင်သွင်းသည့် အရက်၊ ဘီယာ စသည့် ယစ်မျိုးကုန်များထဲတွင် စစ်ကောင်စီပိုင် ကုမ္ပဏီများမှထုတ်လုပ်သည့် ယစ်မျိုးကုန် အများအပြား ပါဝင်နေသည်။

“ဒီလို ပိတ်ပင်လိုက်တာက တစ်နိုင်ငံလုံးက ပြည်သူတွေကို နေ့စဉ်နဲ့အမျှ သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို တစ်ဖက်တစ်လမ်းကနေ ပိတ်ဆို့တိုက်ခိုက်ရာရောက်တယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီယမကာတွေမှာက စစ်ကောင်စီထုတ် အရက်ဘီယာတွေ အများအပြား ပါနေတယ်။ ဒါကြောင့် ကျမတို့ကတော့ ဒီလုပ်ရပ်ကို ကြိုဆိုထောက်ခံတယ်” ဟု ရခိုင်ပြည်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်ပနှင့် ပြည်မဒေသထုတ် အရက်၊ ဘီယာများအား ပိတ်ပင်လိုက်ခြင်းကြောင့် ဒေသထွက် ဆန်အရက်နှင့် ဓနိရည်ကို သောက်သုံးသူ များပြားလာနိုင်သဖြင့် ဒေသခံများမှာ အလုပ်အကိုင်များ အဆင်ပြေလာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...