စစ်တွေတွင် စစ်ကောင်စီနှင့် AA တို့ စစ်အင်အားဖြည့်တင်း

စစ်တွေတွင် စစ်ကောင်စီနှင့် AA တို့ စစ်အင်အားဖြည့်တင်း

ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ နှစ်ဖက်အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းနေပြီး စစ်ရေးတင်းမာနေကြောင်း သိရသည်။

စစ်တွေမြို့နယ်မှ အမြင့်ကျွန်း၊ ချီလည်ပင်း၊ သိန်းတန်၊ ကျားမသောက်၊ တောကန် စသည့်ကျေးရွာများနှင့် အနီးအနားတွင် ယခုရက်ပိုင်း စစ်ကောင်စီက အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး AA ကလည်း ၎င်းတို့ ထိန်းချုပ်နေရာများတွင် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ထားသည်။

“စစ်တွေဘက်ခြမ်း စစ်ကောင်စီအထိုင်ချတဲ့ ကျေးရွာတွေမှာ ဒီရက်ပိုင်း အင်အားဖြည့်တင်းနေတာတွေ ရှိတယ်။ လူဖြည့်တာတွေ၊ လက်နက်သယ်တာတွေရှိတယ်။ AA ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းနဲ့ စစ်တွေမြို့နယ်အတွင်း ထိန်းချုပ်ထားတဲ့ နေရာတွေမှာ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းပြီး ပြင်ဆင်နေကြတာ” ဟု စစ်ရေးအခြေနေကိုသိရှိသူ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်သည် ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီထိန်းချုပ်ထားဆဲ တစ်ခုတည်းသောမြို့နယ်ဖြစ်ပြီး ကျန်မြို့နယ်များကို AA က သိမ်းပိုက်ထားပြီးလည်းဖြစ်သည်။

AA သည် စစ်တွေနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ပြီးချိန်မှစ၍ စစ်တွေကို ဝိုင်းရံပိတ်ဆို့ထားသည်။

AA တပ်ဖွဲ့ဝင်အချို့မှာလည်း စစ်တွေမြို့နယ်ထဲသို့ ဝင်ရောက်လှုပ်ရှားနေပြီး စစ်ကောင်စီနှင့် မကြာခဏ ထိတွေ့တိုက်ပွဲငယ်များ ရှိနေသည်။

စစ်ကောင်စီသည် စစ်တွေမြို့နယ်ကို AA က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမည်ကို စိုးရိမ်နေပြီး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်များသို့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေသည်။

“စစ်တွေဖက်မှာ AA က ထိုးစစ်ဆင်တာမျိုးတော့ မရှိသေးပေမဲ့ ရံဖန်ရံခါ ထိတွေ့တိုက်ပွဲတွေရှိတယ်။ တိုက်ပွဲအကြီးတော့ မဟုတ်ဘူး။ နှစ်ဖက်လုံးကတော့ လိုအပ်တာတွေကို ကြိုပြင်ဆင်ထားကြတဲ့ သဘောပေါ့။ စစ်ကောင်စီက ဒီရက်ပိုင်းတွေမှာ ပုဏ္ဏားကျွန်းနဲ့ စစ်တွေအစပ် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလို ပစ်ခတ်တာတွေရှိတယ်” ဟု ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၇ ရက်၊ ညအချိန်တွင် စစ်ကောင်စီက စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် အရပ်သားတစ်ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

စစ်တွေမြို့နယ်တွင် နှစ်ဖက်စစ်အင်အားဖြည့်တင်း ပြင်ဆင်နေခြင်းမှာ လာမည့် ၂၀၂၅ နှစ်ဆန်းပိုင်းတွင် ကြီးမားသောတိုက်ပွဲကြီးများ ဖြစ်လာသည့် အရိပ်အရောင်ကိုမြင်ရကြောင်း ခန့်မှန်းနေကြသည်။

“မကြာမီမှာ စစ်တွေကို AA ထိုးစစ်ရောက်တော့မှာကို စစ်ကောင်စီက ခန့်မှန်းထားပြီးသားဖြစ်တယ်။ မောင်တောကျပြီးကတည်းက ရခိုင်မြောက်ပိုင်းတခွင်မှာ စစ်တွေတစ်မြို့တည်းပဲကျန်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတာပေါ့လေ။ AA ကလည်း ရခိုင်ပြည်မှာ စစ်ကောင်စီကင်းစင်အောင်လုပ်မယ်လို့ တရားဝင်ပြောထားတော့ အနှေးနဲ့အမြန် ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်တွေမှာ တိုက်ပွဲကြီးတွေဖြစ်ဖို့ အလားလာများတယ်” ဟု ရခိုင်စစ်ရေးစောင့်ကြည့်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်တွေအပိုင် ပုဏ္ဏားကျွန်းနယ်စပ်ရှိ ကျေးရွာ ၃၀ ထက်မနည်းတွင် ရွာသားများကို နှင်ထုတ်ကာ အင်အားဖြည့်တပ်စွဲထားသဖြင့် ဒေသခံနှစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၂ ခုထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်းနှင့် ဂွမြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...