တရုတ်နဲ့ AA ဆွေးနွေးမှု ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်သလဲ

တရုတ်နဲ့ AA ဆွေးနွေးမှု ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်သလဲ
၂၀၂၃ ခုနှစ်၊ မေလအတွင်းက စစ်ကောင်စီနှင့်တွေ့ဆုံရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အချို့ တရုတ် - မြန်မာနယ်စပ်သို့ ရောက်ရှိလာမှုအား တွေ့ရစဉ်။ ဓာတ်ပုံ - Mongla News
၂၀၂၃ ခုနှစ်၊ မေလအတွင်းက စစ်ကောင်စီနှင့်တွေ့ဆုံရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အချို့ တရုတ် - မြန်မာနယ်စပ်သို့ ရောက်ရှိလာမှုအား တွေ့ရစဉ်။ ဓာတ်ပုံ - Mongla News

ရခိုင်က မြို့နယ်အများစုနှင့် ချင်းပြည်နယ်၊ ပလက်ဝကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် (AA) နှင့် တရုတ်နိုင်ငံ တာဝန်ရှိသူတို့ တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့မှာ ဒီဇင်ဘာလ ၁ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်ကိုယ်တိုင် သွားရောက်ဆွေးနွေးခဲ့ကြောင်း သိရပြီး မည့်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည့်ကို နှစ်ဖက်စလုံးက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသလို AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကိုလည်း DMG က ဆက်သွယ်နေဆဲဖြစ်သည်။

လက်ရှိတွင် AA သည် ရခိုင်ပြည်က မြို့နယ် (၁၂) မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်းနှင့် ဂွကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေး တိုက်ခိုက်နေသည်။

စစ်ကောင်စီက ထိန်းချုပ်ထားသည်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့သာ ကျန်ရှိတော့ပြီဖြစ်သည်။

ထို့ကြောင့် တရုတ်အကျိုးစီးပွား ကျောက်ဖြူစီမံကိန်းများနှင့်ပတ်သက်၍ တရုတ်က AA နှင့် ဆွေးနွေးခြင်းဖြစ်နိုင်သည်ဟု တရုတ်အရေးလေ့လာသူများက ပြောဆိုကြသည်။

“တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အဓိက ဆွေးနွေးတာဖြစ်နိုင်တယ်။ တရုတ်ရဲ့ စီးပွားရေးတွေကို AA က ကာကွယ်ပေးဖို့အတွက်ပဲ ဆွေးနွေးတာဖြစ်နိုင်တယ်။ နောက်တစ်ခုက မြောက်ပိုင်း (၃) ဖွဲ့မှာ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်ဖို့အတွက် တစ်စုံတစ်ရာ‌ ဆွေးနွေးလိမ့်မယ်လို့ ထင်တယ်။ တရုတ်က MNDAA၊ TNLA တို့လို AA ကိုတော့ အပစ်အခတ်ရပ်စဲဖို့ ဖိအားပေးလို့တော့ မရဘူး။ AA ဖက်ကလည်း ဖိအားပေးခံမှာ မဟုတ်ဘူး” ဟု ၈၈ မျိုးဆက် ရခိုင်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးက ပြောသည်။

ရခိုင်ဒေသည် တရုတ်နိုင်ငံနှင့် အလှမ်းဝေးသဖြင့် စီးပွားရေးအတွက် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်လည်း ကုန်သွယ်ရေးတိုးချဲ့နိုင်ကြောင်း ရှုမြင်နေကြသည်။

စစ်ကောင်စီကို တော်လှန်နေသည့် ကိုးကန့်တပ် MNDAA အဖွဲ့က ဒီဇင်ဘာ ၃ ရက်မှစ၍ အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီကို စတင်ထိုးစစ်ဆင်တော့မည်မဟုတ်ကြောင်း ကြေညာလိုက်ပြီးနောက် စစ်ကောင်စီနှင့် MNDAA တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

ယင်းအပြင် တအာင်းတပ် TNLA က ပြည်သူများ ထိခိုက်နစ်နာမှုကို ငဲ့ညှာထောက်ထား၍ နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်ရန် တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ပြီးနောက် ဒီဇင်ဘာ ၈ ရက်တွင် စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တစ်ဖက်မှာလည်း AA နှင့် တရုတ်တို့သည် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးခြင်းဖြစ်ပြီး ဆွေးနွေးပွဲရလဒ်ကောင်းနိုင်ကြောင်း နိုင်ငံရေးအကဲခတ်သူတစ်ချို့ကလည်း ရှုမြင်သည်။

“ရခိုင်ပြည်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်က AA သိမ်းပိုက်ထားပြီးပြီ။ မြို့အတော်များများကို သိမ်းပိုက်ထားတဲ့ AA ဟာ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့ကိုလည်း တိုက်စရာမလိုဘဲ ရနိုင်တဲ့သဘောရှိတဲ့အတွက် တွေ့ဆုံဆွေးနွေးတာလည်း ဖြစ်နိုင်တယ်။ ဒါကလည်း ကောင်းပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲဟာ AA အတွက် ရလဒ်ကောင်းတွေရှိလာနိုင်တယ်” ဟု မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

အခြားတစ်ဖက်တွင် တရုတ်က ဆောင်ရွက်ပေးနေသည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေးမှာ ယာယီသဘောတူညီချက်သာဖြစ်နိုင်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်သေးကြောင်း တရုတ်အရေးကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...