စစ်မှုထမ်းထောက်ပံ့ကြေး မပေးပါက ရွာက နှင်ထုတ်ခံရမည်

စစ်မှုထမ်းထောက်ပံ့ကြေး မပေးပါက ရွာက နှင်ထုတ်ခံရမည်

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို အစည်းအဝေးခေါ်ကာ စစ်မှုထမ်းထောက်ပံ့ကြေး မပေးဆောင်းပါက ရွာထဲမှ နှင်ထုတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အစည်းအဝေးတက်ခဲ့သည့် ဒေသခံအချို့က ပြောသည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖိုးသာအေးကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးယဉ်ဌေးက ဒီဇင်ဘာလ ၉ ရက်နေ့က ဖိုးသာအေးကျေးရွာတွင် ပြုလုပ်သည့် အစည်းအဝေး၌ ပြောခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖိုးသာအေး ကျေးရွာအုပ်စုထဲက ကံစုကျေးရွာမှ ရွာသားတစ်ဦးက “စစ်မှုထမ်းထောက်ပံ့ကြေး တစ်အိမ်ကို ၂၅,၀၀၀ ကောက်မှာ။ ဒီတစ်ခါပဲလား လတိုင်းပေးရမှာလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မ‌ပြောဘူး။ မပေးရင် ရွာမှာမနေနဲ့ နှင်ထုတ်ခံရမယ်။ စစ်တပ်နဲ့ခေါ်ပြီး နှင်ထုတ်မှာလို့ ပြောတာ” ဟု ပြောသည်။

ဖိုးသားအေး ကျေးရွာအုပ်စုအတွင်း၌ ဖိုးသာအေးကျေးရွာ၊ ပန်းခဝကျေးရွာ၊ ကံစုကျေးရွာနှင့် ခူမာန်ကျေးရွာ စုစုပေါင်း ကျေးရွာ ၄ ရွာရှိပြီး အိမ်ခြေ ၄၀၀ ကျော်ခန့်ရှိသည်ဟု ဆိုသည်။

ဖိုးသာအေးရွာတွင် နေထိုင်သူတစ်ဦးကလည်း “ဒီကောင် (အုပ်ချုပ်ရေးမှူး ယဉ်ဌေး) က အရက်မူးလာရင် PDF ကို ထောက်ပံ့နေတဲ့ကောင်တွေ နိုင်ငံရေးအကြောင်းပြောတဲ့သူတွေ၊ ငါ့ကို မလေးမစား မချေမငံ ဆက်ဆံတဲ့သူတွေ သတိထားနေကြ။ ငါ့အကြောင်းသိအောင် ထိထိရောက်ရောက် အရေးယူပြဦးမယ်လို့ အော်ပြီး ကြိမ်းမောင်းနေသေးတာ” ဟု ပြောသည်။

ဦးယဉ်ဌေး၏ ဖခင်ဖြစ်သူ ဦးမြင့်အေးသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် လူမုန်းများသော အုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး စစ်တပ်နှင့်ပေါင်းကာ သားဖြစ်သူကို အုပ်ကြီးနေရာ လွှဲပေးခဲ့ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ခူမာန်ရွာသားတစ်ဦးက “အဖေ့ထက် သားက လက်စောင်းပိုထက်ရမယ်ဆိုပြီး ကြွေးကြော်နေသေးတာ။ စစ်မှုထမ်းထောက်ပံ့ကြေး ကောက်တာကလည်း သူ့အိတ်ထဲ ထည့်ဖို့ပဲဖြစ်မှာ။ စစ်တပ်ကိုပိုင်တော့ ဘယ်သူကမှ မပြောရဲကြဘူး” ဟု ပြောသည်။

ပန်းခဝကျေးရွာထိပ် ဆိုင်းဘုတ်နေရာတွင် အုပ်ကြီးယဉ်ဌေး၊ စစ်သား၊ ရဲနှင့် ပြည်သူ့စစ်များ ပူး‌ပေါင်းအဖွဲ့က နေ့စဉ် စက်ဘီး၊ ဆိုင်ကယ်၊ ကားများကို စစ်ဆေးမှုများလုပ်နေပြီး အကြောင်းအမျိုးမျိုးဖြင့် ဒဏ်ကြေးငွေ ကျပ် ၁၅,၀၀၀၊ ကျပ် ၃၀,၀၀၀၊ ကျပ် ၁၀၀,၀၀၀ အထိ ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...
 ဓါတ်ပုံ - (ပုံဟောင်း / Crd)
August 28, 2026
ရှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ ဆက်သွယ်ထားသည့် ပြည်ထောင်စု...
August 27, 2026
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲခံထားရသည့် နေရာအနီးဝန်းကျင်ရှိ သီးနှံ၊ အစား...