ရေတပ်က ပင်လယ်ပြင်ရှိလှေများတွင် စက်ဆီတောင်းယူ

ရေတပ်က ပင်လယ်ပြင်ရှိလှေများတွင် စက်ဆီတောင်းယူ

စစ်ကောင်စီရေတပ်မှ ကော့သောင်းမြို့နယ် အနောက်ဘက် ပင်လယ်ပြင်ထဲရှိ ကင်းမွန် မီးထွန်းလှေများတွင်  စက်သုံးဆီများ လိုက်လံတောင်းယူနေသည်ဟု လှေပိုင်ရှင်များက ပြောသည်။

အောင်ဘာကျေးရွာနှင့် မကြုံဂလက်ကျေးရွာများတွင် သွားလာနေသည့် ကင်းမွန် မီးထွန်းလှေတစ်စီးကို ဒီဇယ်ဆီ ၉ ဂါလံပုံး တစ်ပုံးနှုန်းဖြင့် လိုက်လံတောင်းနေခြင်းဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် ကင်းမွန်လှေ လုပ်ကိုင်နေသူတစ်ဦးက “ကျွန်းငယ်လေးတွေရှိတဲ့နေရာမှာ လှေတွေက ညဘက် ကင်းမွန်ဖမ်းပြီးတော့ နေ့ဘက်ဆို အနားယူရပ်နားနေကြတာပါ၊ ရေတပ်ယူနီဖေါင်းတွေနဲ့ ရပ်ထားတဲ့လှေတွေကိုပတ်ပြီး တစ်စီးပြီးတစ်စီး လိုက်တောင်းတာ” ဟု ဒီဇင်ဘာလ ၉ ရက်နေ့က ပြောသည်။

ဘာလိအော်ကျေးရွာအနီး ကျောက်ချရပ်နားထားသည့် စစ်သင်္ဘောမှ သစ်သားလှေငယ်များဖြင့် ထွက်လာပြီး တောင်းခံနေခြင်းမှာ ယခုနှစ် ပွင့်လင်းရာသီအတွင်း ၄ ကြိမ်ထက်မနည်းရှိနေပြီဖြစ်ကြောင်း ကင်းမွန်လှေလုပ်ငန်း လုပ်ကိုင်နေသူများက ဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း စစ်ကောင်စီရေတပ်မှ စက်လှေငယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဒီဇယ်ဆီ လာရောက်တောင်းခံသွားကြောင်း လှေပိုင်ရှင်တစ်ဦးက ပြောသည်။

ယခင်နှစ်များကတည်းက ကင်းမွန် မီးထွန်းလှေများနှင့် ငါးဖမ်းလှေများထံမှ စက်သုံးဆီနှင့် ငွေကြေး ကောက်ခံတောင်းယူခြင်းများရှိသော်လည်း ယခုနှစ်တွင် ကင်းမွန် အရနည်းပြီး အရှုံးပေါ်နေကြခြင်းများကြောင့် တောင်းသည့်အတိုင်းပေးရန် အခက်အခဲများဖြစ်နေကြရသည်ဟု ဆိုသည်။

ယခင်နှစ်များတွင် ပွင့်လင်းရာသီ၌ ကင်းမွန်လှေတစ်စီးမှာ တစ်ရက်လျှင် ကင်းမွန် ၁၀ ဗန်းကျော်ရသည်အထိ ရှိနေရာမှ ယခုနှစ်တွင် အရနည်းပြီး နှစ်ရက်ကို တစ်ဗန်း၊ သုံးရက်ကို နှစ်ဗန်းခန့်သာ ရတော့သည်ဟု ကင်းမွန်လှေလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

လက်ရှိတွင် ကော့သောင်းမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်အတွင်း ကင်းမွန် မီးထွန်းလှေများနှင့် ငါးဖမ်းလှေများ အစီးရေ ရာနှင့်ချီ၍ ရှိနေသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...