စစ်တွေတွင် ကျေးရွာ ၄ ရွာမှ ဒေသခံများကို စစ်ကောင်စီ နှင်ထုတ်

စစ်တွေတွင် ကျေးရွာ ၄ ရွာမှ ဒေသခံများကို စစ်ကောင်စီ နှင်ထုတ်

စစ်ကောင်စီထိန်းချုပ်ရာ ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကျေးရွာ ၄ ရွာမှ ဒေသခံများကို စစ်ကောင်စီက အတင်းအဓမ္မ နှင်ထုတ်နေကြောင်း ဒေသခံများမှ သိရသည်။

သိန်းတန်၊ ရာတန်၊ ကျားမသောက်၊ နာရီကန် စသည့်ကျေးရွာများက အုပ်ချုပ်ရေးမှူးနှင့် ရွာတာဝန်ခံများကို စစ်ကောင်စီက ဒီဇင်ဘာလ ၈ ရက်နေ့တွင် အစည်းအဝေးခေါ်ယူပြီး ကျေးရွာသားများအနေဖြင့် ၃ ရက်အတွင်း ရွာမှထွက်သွားကြရန် သတိပေးခဲ့သည်။

“ဒီဇင်ဘာလ ၈ ရက်နေ့မှာ စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူပြီးတော့ ရွာမှာ အိမ်စောင့်အဖြစ် ကျန်ရှိနေသေးတဲ့ ကျေးရွာသားတွေကို ၃ ရက်အတွင်းမှာ ရွာက ထွက်ခွာကြဖို့ ခေါ်ယူသတိပေးထားတယ်။ မြို့တက်နေချင်ရင်နေ၊ မနေချင်ရင် ကိုယ်ကြိုက်တဲ့နေရာကိုသွားဆိုပြီး ပြောတယ်။ ရွာသားတွေကတော့ ဘယ်ကိုသွားရမယ်ဆိုတာ မသိရသေးဘူး” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာများတွင် စစ်ကောင်စီက တပ်စွဲနေထိုင်ပြီးနောက် ဒေသခံများကို နှင်ထုတ်နေခြင်းဖြစ်သည်။

ကျေးရွာသားအများစုမှာ ယခင်ကတည်းက လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးနေကြပြီး အိမ်စောင့်အဖြစ် ကျန်နေသူအချို့သာရှိသော်လည်း ယခုအခါ အားလုံးကို နှင်ထုတ်နေခြင်းဖြစ်သည်။

နှင်ထုတ်ခံရသည့် ကျေးရွာများရှိ အရပ်သားပိုင် အိုးအိမ်များကို စစ်ကောင်စီနှင့် အပေါင်းပါ မွတ်ဆလင်များက ဖျက်ဆီးနေမှုများလည်းရှိနေသည်ဟု ရာတန်ကျေးရွာမှ တိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ စစ်ရှောင်လာတုန်းကတော့ ရွာမှာ အိမ်စောင့်အဖြစ် အမျိုးသားတစ်ချို့ ကျန်ခဲ့ကြသေးတယ်။ အခု သူတို့ကိုလည်း ရွာက နှင်ထုတ်နေတယ်ဆိုတော့ သူတို့ ဘယ်မှာသွားနေကြမယ်ဆိုတာတော့ မသိဘူး။ ရွာမှာက လူမရှိတော့တဲ့ အိမ်တွေဆိုရင် စစ်ကောင်စီက မွတ်ဆလင်တွေနဲ့ပေါင်းပြီးတော့ အိမ်တွေကို ဖျက်ဆီးနေကြတာတွေရှိတယ်လို့ သိရတယ်။ တစ်ချို့ လူလုံးဝမရှိတော့တဲ့ ရွာတွေဆိုရင် အိမ်တွေတောင် မရှိတော့ဘူး” ဟု ပြောသည်။

ရခိုင်စစ်ပွဲ ပြင်းထန်နေမှုကြောင့် စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီက နှင်ထုတ်လိုက်သည့် ကျေးရွာပေါင်း ၁၄ ရွာထက်မနည်း ရှိသည်။

နှင်ထုတ်ခံရသူများမှာ စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီ နေထိုင်နေကြကာ စားဝတ်နေရေးခက်ခဲမှုများနှင့်လည်း ရင်ဆိုင်နေကြရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း စစ်ကောင်စီက ရေချမ်းပြင်ကျေးရွာသားများကို နှင်ထုတ်ခဲ့သလို နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း ပါဒလိတ်ကျေးရွာသားများကို နှင်ထုတ်ခဲ့သည်။

“မောင်တော AA လက်ထဲ ကျရောက်သွားတော့ ဒီတစ်ခါ စစ်တွေအလှည့်ဆိုပြီးတော့ စစ်ကောင်စီက စစ်ရေးပြင်ဆင်နေတာဖြစ်တယ်။ အဓိက AA စစ်ချီလာမယ့် လမ်းကြောင်းတွေမှာ ဒေသခံတွေမရှိအောင် ရှင်းလင်းထားတဲ့သဘော မြင်ရတယ်။ ဒါပေမဲ့ အဲဒီကျေးရွာသားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ အတင်းရွှေ့ပြောင်းခိုင်းတာကတော့ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်” ဟု ရခိုင်ဒေသခံ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်းမှာ စစ်ရေးပြင်ဆင်မှုများကို တိုးမြှင့်လုပ်ကိုင်နေပြီး ပြည်မဖက်မှ စစ်ကောင်စီတပ်သားများကို စစ်သင်္ဘောများနှင့် ပို့ဆောင်နေသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့ပတ်ဝန်းကျင်ကို ဝန်ရံပိတ်ဆို့ကာ ခံစစ်ပြင်ဆင်ထားပြီး ဒေသခံများကိုလည်း စစ်တွေမြို့တွင်းတစ်ခုတည်း၌သာ လှောင်ပိတ်ထားသည်ဟု သိရသည်။

March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...
အမ်း - ပဒါန်းလမ်းပိုင်းတွင် ပျက်စီးနေသော စစ်ကောင်စီ ယာဉ်အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Myanmar Now
March 26, 2026
မကွေး - ရခိုင်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်အင်အား၊ လက်နက်ခဲယမ်း...
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 25, 2026
နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ စုံလင်ကွဲပြားသည့်...
စစ်တွေလေဆိပ်အား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
March 24, 2026
အမေရိကန်- အီရန် စစ်ရေး ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စက်သုံးဆီအခက်အခဲနှင့် ရင်ဆိုင်နေကြပြီး...