ရွှေဘိုထောင်တွင် ထောင်ဝင်စာတွေ့ရန် ပိုက်ဆံပေးနေရ

ရွှေဘိုထောင်တွင် ထောင်ဝင်စာတွေ့ရန် ပိုက်ဆံပေးနေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းသားများ ဧည့်တွေ့ခွင့်ရရှိရန်အတွက် မိနစ် ၃၀ (နာရီဝက်) အတွက် ငွေကျပ် သုံးသိန်း ပေးဆောင်နေကြရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) က ပြောသည်။

ရွှေဘိုအကျဉ်းထောင်တွင် နိုဝင်ဘာလ ဒုတိယပတ်မှစတင်၍ အကျဉ်းသားများ ဧည့်တွေ့ခွင့်ရရှိရေးအတွက် မိသားစုများမှ နာရီဝက်လျှင် ငွေကျပ် ၃ သိန်း ပေးဆောင်ရသည့်အပေါ်  PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ယခုကဲ့သို့ပြောသည်။

ကိုသိုက်ထွန်းဦးက “နိုဝင်ဘာလ ဒုတိယပတ်လောက်ကစပြီးတော့မှ ထောင်အာဏာပိုင်က သူ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီးမှ တကယ်တော့ အကျဉ်းသား အခွင့်အရေးပေါ့နော်။ ဒီနာရီဝက်ကို ၃ သိန်းကတော့ တခြားရာဇဝတ်တွေထဲက မိသားစုဝင်တွေကတောင်မှ ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေ တွေ့နေတာတော့ရှိတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေတစ်ချို့လည်း နောက်ဆုံးမရတဲ့အဆုံး သူတို့တွေ့ဖို့ပြင်ဆင်နေကြတာတော့ ကျနော်တို့ ကြားသိနေရပါတယ်ခင်ဗျ” ဟု ပြောသည်။

ဧည့်တွေ့ခွင့်သည် အကျဉ်းသားများ၏ အခွင့်အရေးတစ်ရပ်ဖြစ်သော်လည်း ရွှေဘိုအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ဧည့်တွေ့ နိုင်ရန်အတွက် မိသားစုဝင်များထံမှ ငွေကြေးတောင်းခံမှုများ လုပ်နေကြခြင်းဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ယခုကဲ့သို့ ထောင်အာဏာပိုင်များမှ ငွေကြေးတောင်းခံနေမှုများကြောင့် အကျဉ်းသားများ၏ မိသားစုများသည် ဧည့်တွေ့နိုင်ရန်အတွက် အခက်အခဲဖြစ်စေသည်ဟု ကိုသိုက်ထွန်းဦးက ယခုကဲ့သို့ ဆက်ပြောသည်။

“လက်ရှိ အထွေထွေ အကြပ်အတည်းကာလမှာ အဆင်မပြေဘူးပေါ့နော်။ စားဝတ်နေရေးတောင် မနည်းကြိုးစားပြီးတော့ ရုန်းကန်နေရတဲ့ကာလမှာ ပါဆယ်ကို အခုလိုမျိုးပေးပို့ဖို့ အခက်အခဲ အများကြီး ကြုံနေကြရတယ်ပေါ့နော်။ ဒါ အင်မတန်ကိုမှ ခက်ခဲတဲ့ အခြေအနေတစ်ရပ်လည်းဖြစ်တယ်။ ဒီလိုမျိုး ပါဆယ်ပို့ဖို့တောင် ကြိုးစားရုန်းကန်နေရတဲ့ကာလမှာ အခုလို ငွေတောင်းတာဖြစ်တဲ့အတွက်မို့လို့ လူတိုင်းလည်း မတွေ့နိုင်ဘူးပေါ့နော်။ အခြေခံ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေအနေနဲ့ ဧည့်တွေဖို့ဆို လုံးဝမဖြစ်နိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်ခင်ဗျ”

နိုင်ငံရေးအကျဉ်းသား အားလုံးသည် ၎င်းတို့၏အခွင့်အရေးကို ရရှိရန်လိုအပ်သကဲ့သို့  မိသားစုနှင့် ဧည့်တွေ့ခွင့်ရရှိရန်လည်း လိုအပ်သည်ဟု PPNM က ဆိုသည်။

ရွှေဘိုထောင်တွင် ဧည့်တွေ့ရန် ငွေကြေးတောင်းခံနေမှုများအပြင် အကျဉ်းသား ကျွေးမွေးစီမံရေးတွင် သတ်မှတ်နှုန်းထားအတိုင်းမဟုတ်ဘဲ တစ်ရက်ခြားလျှင် ကြက်ဥတစ်လုံးစီသာပေး၍ အကျဉ်းသား ကျွေးမွေးစရိတ်အပေါ်တွင် ထောင်ပိုင်များက ကိုယ်ကျိုးစီးပွား ရှာနေခြင်းများရှိသည်ဟုလည်း နိုဝင်ဘာလထဲတွင် အကျဉ်းဦးစီးဌာနမှ ထွက်‌ပြေးလာသည့် အကျဉ်း‌ထောင် ဝန်ထမ်းဟောင်းတစ်ဦးမှ PPNM ကို ပြောဆိုထားသည်။

အဆိုပါကိစ္စရပ်ကို စုံစမ်းရာတွင် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု PPNM က ဆိုသည်။

ထိုအခြေအနေများကို အမြန်ဆုံး ရပ်တန့်ပေးရန် လိုအပ်သကဲ့သို့ အကျဉ်းသားအခွင့်အရေးတစ်ရပ်ဖြစ်သည့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို မြန်မာတစ်နိုင်ငံလုံးရှိ ထောင်များတွင် ရရှိနေသည့်နည်းတူ ရွှေဘိုအကျဉ်းထောင်အနေဖြင့်လည်း ရရှိသင့်သည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

February 26, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် အထက်အဆင့်ဆင့်၏ ခွင့်ပြုချက်မရှိဘဲ...
February 25, 2026
ရှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း...
February 24, 2026
NCA လမ်းကြောင်းဖြင့် မလုံလောက်တော့ဘဲ သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လမ်းကြောင်းသစ်...
February 23, 2026
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် မြစ်ကြီးနားတွင် ကြက်သားတစ်ပိဿာ ၄...