မြိတ်မြို့နယ်အတွင်း ကျေးရွာမှ မိသားစုဝင် ၃ ဦး အဖမ်းခံရ

မြိတ်မြို့နယ်အတွင်း ကျေးရွာမှ မိသားစုဝင် ၃ ဦး အဖမ်းခံရ

မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တညက်ကျေးရွာအုပ်စုထဲရှိ စားမြိန်တောင်ကျေးရွာမှ မိသားစုဝင် သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် နေအိမ်ကိုလည်း ချိပ်ပိတ်လိုက်သည်ဟု ရွာသားများက ပြောသည်။

စားမြိန်တောင်ကျေးရွာမှ ဦးသူရခိုင် အပါအဝင် မိသားစု သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီသွားပြီးနောက် ၎င်းတို့၏ အိမ်ကို ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “စစ်တပ်က အိမ်တစ်ဆောင်လုံး မွှေနှောက်ပြီး ရှာတယ်။ မိန်းကလေးတွေပဲ ကျန်နေတာကိုး။ အမျိုးမျိုး စစ်ဆေးမေးမြန်းပြီးမှ ဖမ်းခေါ်သွားတာ။ သမီးအငယ်နှစ်ယောက်ကိုတော့ တောင်းပန်လွန်းလို့ ပြန်လွှတ်ပေးခဲ့တယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က ကားလေးစီးဖြင့် အင်အား ၁၀၀‌ ခန့်ရှိသည့် စစ်ကောင်စီတပ်က ကျေးရွာထဲ ရောက်ရှိလာပြီး အသက် ၄၆ နှစ်အရွယ် ရှိသူ ဦးသူရခိုင် ကို ဖမ်းဆီးသွားခဲ့သည်။

ထို့နောက် နိုဝင်ဘာလ ၂၃ ရက်နေ့၊ နံနက်အစောပိုင်းတွင်လည်း ဦးသူရခိုင်အိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ ထပ်မံရောက်ရှိလာပြီး ကျန်ရှိနေသည့် ဇနီးဖြစ်သူနှင့် သမီးသုံးယောက်ကို ဒူးထောက်လက်မြှောက်ခိုင်းကာ စစ်ဆေးခဲ့သည့်အပြင် အသက် ၄၂ နှစ်အရွယ် ဇနီးနှင့် အသက် ၁၇ နှစ်အရွယ်

အကြီးဆုံးသမီး ဖြစ်သူတို့ကိုပါ ဖမ်းဆီးသွားခဲ့ သည်ဟု ရွာသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်မှ ဇနီးဖြစ်သူကို လက်ထိပ်ခတ်ပြီး ဖမ်းခေါ်သွားသည့်အပြင် သမီးဖြစ်သူကိုမူ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ်ကိုလည်း ချိပ်ပိတ်သိမ်းဆည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးသူရခိုင်နှင့် မိသားစုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အဆက်အသွယ် လုပ်နေသည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

ဖမ်းဆီးခံရသည့်သူ သုံးဦးစလုံးမှာ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲမြိတ်မြို့ပေါ်ရှိ မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ကျေးရွာပေါင်း ၈ ရွာရှိသည့် တညက်ကျေးရွာအုပ်စုကို ပျူစောထီးအဖွဲ့များက ကြီးစိုးထားသည်ဟု ရွာသားများက ဆိုသည်။ ပျူစောထီးအဖွဲ့များက အဆိုပါ ကျေးရွာများထဲရှိ အစ္စလာမ် ဘာသာရေးကျောင်းများနှင့် ဗလီများကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပစ်ခြင်းများကိုလည်း လုပ်နေသည်ဟု ရွာသားများက ဆိုသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...