စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ

စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
စစ်တွေမြို့ရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်ကို ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
စစ်တွေမြို့ရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်ကို ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့တွင် စက်သုံးဆီအပါအဝင် စားသောက်ကုန် ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလက စက်သုံးဆီ 92 တစ်လီတာကို ငွေကျပ် ၂၀,၀၀၀ ကျော်ရှိခဲ့ရာမှ ယခု(နိုဝင်ဘာ)လအတွင်း ငွေကျပ် ၅၀,၀၀၀ အထိ ဈေးနှုန်း ဆက်လက်မြင့်တက်နေသည်။

“ဒီရက်ပိုင်း ဆီဈေးနှုန်းတွေ အရမ်းတက်နေတယ်။ ကုန်သင်္ဘောတွေလည်း မဝင်ဘူး။ စက်သုံးဆီက အခုဆို ရှာလို့တောင် မရတော့ဘူး။ သွားလာရတာတွေ အခက်အခဲဖြစ်တယ်” စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စားသောက်ကုန် ဈေးနှုန်းများမှာလည်း ဆက်လက်မြင့်တက်နေပြီး ပြီးခဲ့သည့် စက်တင်ဘာလက စားအုန်းဆီ တစ်လီတာကို ငွေကျပ် ၇,၀၀၀ မှ လက်ရှိ ငွေကျပ် ၁၁,၀၀၀ ထိ မြင့်တက်လာပြီး ပဲဆီမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေသည်။

ယင်းအပြင် ယခင်က ဝက်သားတစ်ပိဿာကို ငွေကျပ် ၅၀,၀၀၀ ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၇၀,၀၀၀ အထိ ဈေးမြင့်တက်နေကြောင်း သိရသည်။

“အခြေခံစားသောက်ကုန်တွေ ဈေးတွေပဲ မြင့်တက်နေတော့ ဘယ်လိုစားသောက်မလဲ။ အလုပ်အကိုင်က မရှိဘူး။ ဝင်ငွေထက် ထွက်ငွေက ပိုများနေတယ်။ ထမင်းတစ်နပ်စားဖို့ ငွေသုံးသောင်းနဲ့ မလောက်တော့ဘူး” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးချိန်မှစ၍ ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲကြောင့် လမ်းခရီးပိတ်ဆို့ထားသဖြင့် စစ်တွေမြို့ကုန်ဈေးနှုန်းမှာ ယခင်ထက် ဆယ်ဆကျော်အထိ မြင့်တက်နေသည်။

တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စစ်တွေမြို့ကို စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်း အဝင်အထွက်များ ပိတ်ဆို့ထားခဲ့သည်။ ရန်ကုန်ဘက်မှ ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် ကုန်သင်္ဘောများ ဝင်ရောက်မှုမရှိသဖြင့် ကုန်ပစ္စည်းပြတ်လပ်လာမှုနှင့်အတူ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်း ဖြစ်သည်။

“စစ်ကောင်စီက အကြောင်းအရင်းမရှိဘဲနဲ့လည်း ကုန်သင်္ဘောတွေကို ကမ်းခွာခိုင်းတယ်။ ထွက်ခိုင်းတယ်။ မထင်ရင်မထင်သလို စစ်ဆေးတာတွေလည်း ရှိတယ်။ ရန်ကုန်ကနေ စစ်တွေကို ထွက်ခွင့်မပေးသေးတဲ့ ကုန်သင်္ဘောတွေလည်း ရှိတယ်လို့ သိရတယ်” ဟု စစ်တွေဒေသခံ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားခြင်းများ ရံဖန်ရံခါ ရှိနေသည်။

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...