ကရင်နီတော်လှန်ရေးတပ်များနှင့် PDF များ ခိုအောင်းရာနေရာဖြစ်သဖြင့် ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဆိုသော သတင်းအမှား

ကရင်နီတော်လှန်ရေးတပ်များနှင့် PDF များ ခိုအောင်းရာနေရာဖြစ်သဖြင့် ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဆိုသော သတင်းအမှား

ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်အတွင်းရှိ ဘန်ကောက်စစ်ရှောင်စခန်းကို ကရင်နီလက်နက်ကိုင်တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ခိုအောင်းနေ ထိုင်ရာဖြစ်သောကြောင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ရေးသားဖြန့်ဝေထားသည်။

myo chit myannar(အမွှေစိန်) အမည်ရှိ Subscriber (၁,၄၀၀)ကျော်ရှိသည့် အဆိုပါတယ်လီဂရမ်မှ ဖြန့်ဝေထားသော သတင်းကို ကြည့်ရှုသူ(၄၀၀)ကျော်ရှိပြီး စခန်းအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်ဦးပုံများကို ကူးယူကာ ဖြန့်ဝေထားခြင်းဖြစ်သည်။

ပို့စ်လင့်ခ်ကို ဖော်ပြပါ (https://archive.ph/vG7bg) တွင် ဖတ်ရှုနိုင်သည်။

အဆိုပါ သတင်းအကြောင်းအရာနှင့်ပတ်သက်၍ ကေအိုင်စီ၏သတင်းအချက်အလက် စစ်ဆေးသည့်အဖွဲ့မှ စိစစ်ချက်အရ သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။

သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်

myo chit myannar(အမွှေစိန်) တယ်လီဂရမ်ချန်နယ်တွင် "ဘန်ကောက်စစ်ရှောင်စခန်းအမည်ရသည့် ကယန်းအမျိုးသားတပ်မတော်(KNA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ မိုးဗြဲ၊ ဒီးမော့ဆို၊ အင်းလေး၊ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ခိုအောင်းနေသည့်နေရာကို သိမ်းငှက်အစာကောက်ခဲ့သည်" ဟူ၍ 1007 Battalion - MOBYE PDF-2 (မိုးဗြဲ PDF)၏ လူမှုကွန်ရက်စာမျက်နှာမှ ပုံများကို ကူးယူဖော်ပြထားသည်။

မူရင်းပုံလင့်ခ်ကို ဖော်ပြပါ(https://www.facebook.com/share/1AuT8UrCPj/?mibextid=oFDknk) တွင် ကြည့်ရှုနိုင်သည်။

ထို့အပြင် ကရင်နီဒေသတွင်းသတင်းအရင်းအမြစ်များသို့ စုံစမ်းစိစစ်ရာတွင်လည်း နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီမှ တိုက်လေယာဥ်(၂)စင်းဖြင့် ပေါင်(၅၀၀)၊ ပေါင်(၂၀၀) ရှိသော ဖျက်အားပြင်းဗုံးများဖြင့် (၃)ကြိမ်တိတိ လာရောက်ကြဲချခဲ့သည့်ဘန်ကောက်စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်များသီးသန့်နေထိုင်သည့် နေရာဖြစ်သည်ဟု သိရသည်။

လွိုင်ကော်မြို့ခံအမျိုးသမီးတစ်ဦးကလည်း "လက်နက်ကိုင်တွေရှိမနေတဲ့နေရာပါ စစ်ရှောင်စခန်းလို့ပဲ သိထားပါတယ်" ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ကရင်နီပြည်နယ်တွင်း လူငယ်အရပ်ဖက်အဖွဲ့တစ်ခုဖြစ်သည့် ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY) မှလည်း နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်(၁၀)နာရီဝန်းကျင်က လူထုနေထိုင်သော စစ်ရှောင်စခန်းအပေါ် စစ်ကောင်စီက အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက်(၄၅)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသေဆုံးပြီး စစ်ဘေးရှောင် နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

ထိုဖော်ပြချက်ကို ယခုလင့်ခ် (https://www.facebook.com/share/p/1PLYQo5bcM/?mibextid=oFDknk) တွင် ဖတ်ရှုစစ်ဆေးနိုင်သည်။

သေဆုံးသူအမျိုးသမီးမှာ စစ်ဘေးရှောင်နေထိုင်သော အမျိုးသမီးတစ်ဦးဖြစ်ပြီးသလို ဗုံးဒဏ်ကြောင့် ဘုရားကျောင်းတစ်ခုပြိုကျပျက်စီးခဲ့ကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူအမျိုးသားတစ်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ပုံများ၊ ရုပ်သံဖိုင်များနှင့်တကွ ရေးသားထားပြီး အခြားဒေသတွင်း သတင်းအရင်းအမြစ်များတွင်လည်း စစ်ဘေးရှောင်များနေထိုင်ရာတွင် ဖြစ်ပွားခဲ့သည်ဟုသာ ဖော်ပြထားကြောင်း တွေ့ရသည်။

အလားတူ လွတ်လပ်သော ကရင်နီဒေသတွင်းသတင်းမီဒီယာများဖြစ်သည့် Kantarawaddy Times, Karenni People's Voice အစရှိသည်တို့တွင်လည်း စစ်ဘေးရှောင်များနေထိုင်ရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း မြေပြင်ရှိ ခိုင်လုံသော သတင်းအရင်းအမြစ်များကို မေးမြန်းရေးသားထားသည်။

Kantarawaddy Times က ဖော်ပြထားသော သတင်းကို ယခုလင့်ခ် (https://www.facebook.com/share/p/1ANGyi6ihT/?mibextid=oFDknk) နှင့် Karenni People's Voice ၏ သတင်းလင့်ခ်ကို ( https://www.facebook.com/share/p/1Ax1PFfi5S/?mibextid=oFDknk) တို့တွင် သွားရောက်ဖတ်ရှုနိုင်သည်။

သုံးသပ်ချက်

အထက်ဖော်ပြပါ စိစစ်ချက်များအရ myo chit myannar(အမွှေစိန်) တယ်လီဂရမ်ချန်နယ်၏ ကရင်နီတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့နှင့် PDF များခိုအောင်းနေထိုင်ရာဖြစ်သဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုထားသော ခိုင်လုံမှုမရှိသည့် သတင်းအရင်းအမြစ်နှင့် အချက်အလက်မပါသည့် ရေးသားဖြန့်ဝေမှုမှာ သတင်းအမှားဖြစ်သည်။

၎င်းဖော်ပြထားသည့်အနက် စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမှာ မှန်ကန်သော်လည်း လက်နက်ကိုင်နေရာမဟုတ်သည့် လူထုနေထိုင်ရာ စစ်ဘေးရှောင်စခန်းတစ်ခုသာဖြစ်သည့် (False Context) အမျိုးအစား သတင်းမှားဖြစ်သည်။

May 30, 2026
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ညအချိန် ဆိုင်ကယ်များကို ဆူညံစွာ...
Photo: กิตติศักดิ์ บุญจันทร์ FB
May 29, 2026
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို မေလ ၂၈ ရက်...
May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...
CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...