သံတွဲတွင် စစ်ဘေးရှောင် တစ်သောင်းကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

သံတွဲတွင် စစ်ဘေးရှောင် တစ်သောင်းကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ
လေးဝတီ (သံတွဲ) စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့
လေးဝတီ (သံတွဲ) စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင် တစ်သောင်းကျော်မှာ စားနပ်ရိက္ခာနှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာရှိနေကြောင်း ကူညီဆောက်ရွက်ပေးနေသူများထံမှ သိရသည်။

ကူညီထောက်ပံ့မှုနည်းပါးသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။

“ရိက္ခာနဲ့ဆေးဝါး အရေးပေါ်လိုအပ်နေတယ်။ ရိက္ခာဆိုရင် လူတစ်သောင်းကျော်အတွက် တစ်ရက်စာဆိုရင် ပျမ်းမျှ ဆန်အိတ် ၅၀ လောက် လိုတယ်။ အလှူရှင်လည်းနည်းတော့ ဒီလအတွက် အကျပ်အတည်း ဖြစ်နေတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

ဒေသတွင်းလူမှုကူညီရေးအဖွဲ့များအပြင် ပုဂ္ဂိုလိကများက တတ်နိုင်သည့်ဘက်မှ ကူညီပေးနေသော်လည်း စစ်ဘေးရှောင်ဦးရေ များပြားသဖြင့် ဖူလုံအောင်ကူညီနိုင်ရန် အခက်အခဲများရှိနေသည်။

စစ်ဘေးရှောင်များအား ကူညီပေးနေသူနောက်တစ်ဦးက “အလှူငွေရှိရင်တော့ ကူညီတယ်။ မရှိရင်တော့ ဆန်ကုန်သည်တွေဆီက အကြွေးဝယ်ပြီး လှူပေးတယ်။ မရဘူးဆိုရင်တော့ နားလိုက်တယ်” ဟု ပြောသည်။

ဆောင်းရာသီဖြစ်၍ အနွေးထည်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အရေးပေါ်လိုအပ်နေပြီး ဆေးဝါးရှားပါးကာ ဈေးနှုန်းအဆမတန်မြင့်တက်မှုကြောင့် နာတာရှည်သမားများမှာ အခက်အခဲရှိနေသည်။

သံတွဲမြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ပြီး ဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်သေးခြင်းဖြစ်သည်။ စစ်ဘေးရှောင်များထဲတွင် ငပလီကမ်းခြေတစ်လျှောက် ကျေးရွာများနှင့် ဂွမြို့နယ်တို့မှလည်း ပါဝင်သည်။

“အရင်က ကမ်းခြေဘက်ဆို ငါးတွေဘာတွေ လုပ်ကြတယ်။ အခု တိုက်ပွဲဖြစ်ကတည်းက ဘာအလုပ်မှမရှိတာ အတော်ကြာပြီ။ ကုန်ဈေးနှုန်းဆိုလည်း ခေါင်ခိုက်နေတယ်။ အခု ထမင်းနပ်မှန်အောင် စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ” ဟု ဂျိတ္တောဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်‌ရေးပဋိပက္ခကြောင့် ရခိုင်တွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေ ၇ သိန်းနီးပါးရှိနေပြီး အရေးပေါ် အကူအညီလိုအပ်ချက်မှာ မြင့်မားလျက်ရှိသည်။

ဓာတ်ပုံ - လေးဝတီ (သံတွဲ) စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...