ရခိုင်စစ်ရေးကြားက ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

ရခိုင်စစ်ရေးကြားက ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

ရခိုင်ဒေသအတွင်း စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ကိုယ်ဝန်ဆောင်မိခင်များမှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများစွာ လိုအပ်လျက်ရှိနေကြသည်။

တိုက်ပွဲမဖြစ်မီက ကိုယ်ဝန်ဆောင်များမှာ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိခဲ့သော်လည်း လက်ရှိတွင် ငွေကြေးအခက်အခဲ၊ ဆေးဝါးရှားပါးမှုကြောင့် ကိုယ်ဝန်နှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေကြသည်။

“ပုံမှန်ဆိုရင်တော့ ဆရာဝန်တွေ၊ အိုဂျီတွေနဲ့ ပြရမယ်။ ပိုက်ဆံမရှိလို့ မပြနိုင်ဘူး။ ကလေးအနေအထားတွေ သိချင်တယ်။ ကလေး အတည့်လား၊ အပြန်လားဆိုတာ သိချင်တယ်။ စရိတ်မရှိလို့ မသွားရဘူး။ လမ်းစရိတ်က အသွားနှစ်သောင်း၊ အပြန်နှစ်သောင်းပေးရတယ်” ဟု ကျောက်တော်မြို့နယ်၌ ခိုလှုံနေသူ စစ်တွေဒေသခံ ဒေါ်အေးဆန်းချေက ပြောသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်း ကိုယ်ဝန်ဆောင်၊ ကလေးငယ်များအပါအဝင် ဒေသခံ ခုနစ်သိန်းနီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး စသည့်အရေးပေါ်လိုအပ်ချက်များ မြင့်မားနေဆဲဖြစ်သည်။

စစ်ဘေးရှောင်များမှာ စစ်ရှောင်စခန်း၊ ဘုန်းကြီး‌ကျောင်း၊ စာသင်ကျောင်းနှင့် ဘုရားရင်ပြင်များ၌ နေထိုင်ကြရပြီး ကိုယ်ဝန်ဆောင်များမှာ နေရာထိုင်ခင်း အကျပ်အတည်းကြောင့် ကလေးမွေးဖွားရန်အတွက် အခက်အခဲများ ကြုံနေကြရသည်။

“မွေးဖို့အတွက် အခန်းလိုတယ်။ အခန်းက မရသေးဘူး။ ဆေးရုံဆေးခန်းမှာ မွေးဖို့ကလည်း ငွေကြေးမတတ်နိုင်ဘူး။ ကိုယ့်မှာက တစ်ရက်ရှာတာကို တစ်ရက်စားနေရတာ” ဟု ကျောက်တော်မြို့မှ စစ်ဘေးရှောင် ဒေါ်ခင်ဝင်းနွယ်က ပြောသည်။

အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ကူညီထောက်ပံ့မှုများ နည်းပါးသဖြင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေကြရပြီး ဝမ်းရေးအတွက် ကြုံရာကျပန်းလုပ်ကိုင်ကာ ဖြတ်သန်းနေကြရသည်။

ကိုယ်ဝန်ဆောင်များအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်‌ရှောက်မှုများအပြင် အာဟာရပြည့်ဝစွာ မရရှိခြင်း၊ ကာကွယ်ဆေးမထိုးရခြင်းတို့ကြောင့် မိခင်နှင့်ကလေးအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြကြသည်။

“ကိုယ်ဝန်ဆောင်တွေမှာ ကာကွယ်ဆေးတွေ မရ၊ အာဟာရချို့တဲ့လာရင် မိခင်နဲ့ကလေးအတွက် အန္တရာယ်ရှိတယ်။ ကာကွယ်ဆေး မထိုးရရင် ရောဂါတွေ အလွယ်တကူ ဝင်နိုင်တယ်။ နောက်ပိုင်းဆိုရင် မိခင်နဲ့ကလေး သေဆုံးနှုန်းတွေပါ တက်လာနိုင်တယ်” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားသဖြင့် ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို ဆိုးရွားစွာရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်အတွင်း လာမည့် ၂၀၂၅ နှစ်တွင် အငတ်ဘေးကျ‌ရောက်နိုင်ပြီး လက်ရှိတွင် လူဦးရေ ၂ သန်းခန့်မှာ အငတ်‌ဘေးဆိုက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...