စစ်ကောင်စီ ရွေးကောက်ပွဲ အမျိုးသမီး တက်ကြွသူများ အယုံအကြည်မရှိ

စစ်ကောင်စီ ရွေးကောက်ပွဲ အမျိုးသမီး တက်ကြွသူများ အယုံအကြည်မရှိ

လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပုံစံမျိုးစုံနှင့် ကျူးလွန်နေသည့် စစ်ကောင်စီက တရားမျှတသော ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည်မှာ ယုံကြည်နိုင်စရာ မရှိသလို ယခင် နိုင်ငံရေးနည်းလမ်းဟောင်းနှင့် ပြည်သူများကို ပြန်ပြီးလှည့်စားနေခြင်း ဖြစ်သည်ဟု အမျိုးသမီး တက်ကြွလှုပ်ရှားသူများက ပြောသည်။

The Space အဖွဲ့က နန့်မေသဉ္ဇာ က စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။

“တရားမျှတပြီးတော့မှ လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုကို ဖန်တီးပါမယ်ဆိုတဲ့ ကတိကဝတ်မျိုးဟာ နိုင်ငံရေး နည်းလမ်းဟောင်းတွေ အရမ်းဖြစ်တယ်လို့ ကျမအနေနဲ့ဆိုရင် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်အဆက်ဆက်မှာလည်း ကျမတို့ ၂၀၀၈ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် တခြားသော အရှေ့အရှေ့ ခေတ်အဆက်ဆက်က နိုင်ငံရေးတွေကလည်း ဒီလိုမျိုး အခင်းအကျင်းအဟောင်းတွေကိုပဲကျမတို့ကို ပြန်ပြီးတော့ မိတ်ဆက်ပေးတယ်။ ပြီးသွားလို့ရှိရင် အခင်းအကျင်း အဟောင်းတွေကပဲ အရင်တုန်းက နိုင်ငံရေး အနာတွေကို ပိုပြီးတော့မှ ပိုဆွပေးတယ်ပေါ့နော။ ဆိုတော့ နိုင်ငံရေးအခင်းအကျင်းကလည်း အခုနက အဟောင်းကြီးကိုပဲ ပြန်သုံးတဲ့ အခါမှာ နင်တို့ ခံခဲ့ရတဲ့ ဒီနိုင်ငံရေး

အခင်းအကျင်းမှာပဲ နင်တို့ ပြန်ကျရှုံးအောင် ပြန်လုပ်မယ်ဆိုတဲ့ အခုနက အကွက်ပေါ့နော်။”

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ “လက်ရှိ နိုင်ငံရေး၊ စစ်ရေး ခြေလှမ်းများ ၏ လားရာ” ဆိုသည့် စကားဝိုင်းတွင် အမျိုးသမီး တက်ကြွလှုပ်ရှားသူများက ပြောဆိုသွားကြခြင်း ဖြစ်သည်။

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ တရားမျှတမှုရှိမှာ မဟုတ်သလို ပြည်သူများ လိုလားနေကြသည့် ငြိမ်းချမ်းရေးကလည်း အဆိုပါ ရွေးကောက်ပွဲကနေ ရရှိမှာ မဟုတ်ဘူးဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB ၏ စည်းရုံးရေးနှင့် နိုင်ငံရေးရှေ့ဆောင် ကိုယ်စားလှယ် နော်ဆဲဆဲက ပြောသည်။

“ဆိုတော့ ဒီလိုပဲ ဒီရွေးကောက်ပွဲကတော့ အတုအယောင်လည်း ဖြစ်သလို တရားမျှတမှုလည်း ရှိမှာမဟုတ်သလို အတင်းအဓမ္မ ပြုလုပ်စေမယ့် ရွေးကောက်ပွဲလည်း ဖြစ်တယ်ပေါ့နော်။”

စစ်ကောင်စီက ၎င်းတို့ ရင်ဆိုင်နေရသည့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အကြပ်အတည်းများကို နိုင်ငံရေးထွက်ပေါက် တစ်ခုအနေဖြင့် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု အမျိုးသမီး တက်ကြွလှုပ်ရှားသူများက သုံးသပ်ပြောဆိုသည်။

အဆိုပါ အနေအထားအောက်ကနေ ဖြစ်လာမည့် ရွေးကောက်ပွဲကို တားဆီးဖို့လိုသည်ဟု မွန်အမျိုးသမီးအဖွဲ့ MWO ဥက္ကဋ္ဌ မိကွန်ချမ်းနွန် က ပြောသည်။

“ဒီရွေးကောက်ပွဲ လုပ်ခြင်းအားဖြင့် ကျမတို့ နိုင်ငံရဲ့ ပိုမိုဆိုးရွားစေတယ်ဆိုတာကိုလည်း ကျမတို့က သူတို့ သိအောင်လို့ ကျမတို့က ထပ်ပြောရမယ်။ ပြီးလို့ဆိုရင် ကျမတို့ နိုင်ငံမှာ တကယ်တမ်းလိုအပ်နေတဲ့ ဒီငြိမ်းချမ်းရေးပေါ့နော။ ကျမတို့ အခုဆွေးနွေးနေကြတဲ့ ဒီဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်ဖို့ဆိုတာက ဒီစကစက လုပ်တဲ့ရွေးကောက်ပွဲကနေတစ်ဆင့် ကျမတို့ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း ကျမတို့ အဲဒါကို သိအောင်ပြောရမယ်။”

စစ်ကောင်စီက လာမည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများနှင့် ဩဂုတ်လ ၂၄ ရက်နေ့က တွေ့ ဆုံခဲ့သည့်အပြင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကိုမူ အောက်တိုဘာထဲတွင် ကောက်ယူခဲ့သည်။

April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...
April 20, 2026
ကော်သူးလေ အတိုင်ပင်ခံ ကောင် စီနှင့် အုပ်ချုပ်ရေးကောင်စီတို့သည် နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား...
April 11, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် QR စနစ်ဖြင့် စက်သုံးဆီရောင်းချမှု တစ်ပတ်နီးပါးကြာမြင့်လာပြီ...