PDF-Zoland မှ ဒုစိတ်မှူး ရောဂါကြောင့် ရုတ်တရက်ကွယ်လွန်

PDF-Zoland မှ ဒုစိတ်မှူး ရောဂါကြောင့် ရုတ်တရက်ကွယ်လွန်

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့၏  လက်နက်ကြီးပိုင်းတာဝန်ယူထားသော ဒုစိတ်မှူးသည် ရောဂါကြောင့် ယနေ့ မနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် ရုတ်တရက် ကွယ်လွန်သွားကြောင်း PDF-Zoland ကထုတ် ပြန်သည်။

PDF-Zoland မှ ဒုစိတ်မှူး အသက် ၄၀ အရွယ် ဦးပေါင်ခန့်ခိုင် (ခ) ကိုစစ်သားသည် နေမကောင်းခြင်းကြောင့် တစ်လနီးပါး ခန့် ဆေးကုသမှုခံယူနေရသော်လည်း ဆေး‌ဝါး မလုံလောက်မှု၊ ထိရောက်စွာကုသနိုင်မှု မရရှိခြင်းတို့ကြောင့် မီဇိုရမ်ပြည် နယ်သို့ ဆေးဝါးကုသရန် သွားရောက်နေစဉ် အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းတွင် ယနေ့မနက်ပိုင်းက သေဆုံးခဲ့သည်ဟု သိရသည်။

“ သူက နေမကောင်းတာ တစ်လလောက်ရှိပြီ၊ ဆေးရုံမှာ ကုတာ နဲနဲသက်သာပြီဆိုတာနဲ့ မီဇိုရမ်ဘက်ကို ဆေးကုသဖို့ နယ်စပ်တောင်ရောက်နေပြီ၊ ဒီမနက်ဆိုလဲ သူ့ဟာသူထနိုင်တယ်၊ မုန့်လဲ စားတယ်၊ စားပြီးတော့ ခေါင်းမူးသလိုပဲဆိုပြီး အိပ်ယာပေါ်လှဲတာ အဲလိုနဲ့ အသက်ထွက်သွားတာ။ ကျွန်တော်တို့ဆီမှာက ဆေးဝါးလည်း စုံစုံလင်လင်မရှိဘူး ပြန်ကောင်းလိုက် ပြန်ဖြစ်လိုက်နဲ့ဆိုတော့ ထိထိရောက်ရောက် ကုသနိုင်အောင်ဆိုပြီး မီဇိုရမ်ဘက် ထွက်လာတာပါ။ ရောဂါကတော့ တိတိကျကျမသိရဘူး။” ဟု PDF-Zoland Central Council မှ ပြောရေးဆိုခွင့်ရှိသူ ကိုအာပီက ပြောသည်။

ကွယ်လွန်သွားသူ ကိုစစ်သားသည် ယခင်က စစ်တပ်တွင် လက်နက်ကြီး ကြီးကြပ်တာဝန်ယူထားသူ တစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်လာကာ PDF-Zoland ၏  လက်နက်ကြီးပိုင်းတာဝန်ယူ ထမ်းဆောင်သူဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်စနစ်တော်လှန်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တက်တက်ကြွကြွပါဝင်ပြီး အမြင့်ဆုံးပေးဆပ်ခဲ့သော သူရဲကောင်းတစ်ဦး ဆုံးရှုံးလိုက်ရသည့်အပေါ် အလွန်ပင်ဝမ်းနည်းကြောင်းနှင့် ချစ်ခင် လေးစားကြောင်း PDF-Zoland က ထုတ်ပြန်ထားသည်။

April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင်...
March 30, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိသားစုကိစ္စဖြင့် သွားလာနေသည့် လူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်က...
March 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ဓာတ်ဆီတစ်ဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး...
March 27, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ရှိနေသည့်အပေါ် ပြင်းထန်စွာ...