ခေါပုတ်စခန်းမှ ဖမ်းမိစစ်သုံ့ပန်း ၁၇ ဦးအား ကောင်းမွန်စွာ ထိန်းသိမ်းထားစောင့်ရှောက်ထားကြောင်း KNU ပြော

ခေါပုတ်စခန်းမှ ဖမ်းမိစစ်သုံ့ပန်း ၁၇ ဦးအား ကောင်းမွန်စွာ ထိန်းသိမ်းထားစောင့်ရှောက်ထားကြောင်း KNU ပြော
ဓာတ်ပုံ - BPLA
ဓာတ်ပုံ - BPLA

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၅)၊ ဖာပွန်ခရိုင်ရှိ ခေါပုတ်စခန်းမှ စွန့်ခွာ ထွက် ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း(၁၇)ဦးကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်မှ ဆေးကုသမှုအပြင် ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း တပ်မဟာ(၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ(၃)ရက်နေ့က ဖာပွန်မြို့၊ (၃)ရပ်ကွက်အနီးတွင် ခေါပုတ်စခန်းမှ ဖာပွန်ဗျူဟာသို့ ဆုတ်ခွာထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဒု-ရင်းမှူးအပါအဝင် (၁၆)ဦး သေဆုံးပြီး (၁၇)ဦးကို KNLA ပူးပေါင်းတပ်က အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၅)ထံမှ သိရသည်။

၎င်း(၁၇)ဦးအနက် ဒု-ရင်းမှူး(၁)ဦး အပါအဝင် ဒဏ်ရာရရှိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆေးကုသမှုပေး၍ စားနပ်ရိက္ခာကောင်းမွန်စွာထောက်ပံ့၍ ထိန်းသိမ်းထားသည်ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။

၎င်းက "ခေါပုတ်နဲ့ဗျူဟာက တော်တော်လေးလှမ်းတယ်။ အဲဒီကိုရောက်ဖို့ တောနက်နက် ထဲကိုလည်း ဖြတ်ရတယ်။ နေရာအနှံ့မှာ တော်လှန်ရေးအဖွဲ့တွေ ဖြန့်ကျက်ထားတာ၊ အဲဒါကို သူတို့ကြိုးစားပြီးသွားနေတုန်းမှာပဲ ရပ်ကွက်(၃)နားမှာ ထိတွေ့တိုက်ပွဲဖြစ်တော့ အရှင်ဖမ်းမိတဲ့ အထဲက ဒဏ်ရာရတဲ့သူတွေကို တော်လှန်ရေးပူးပေါင်းတပ်က ဆေးတွေဘာတွေပြန်ကုပေးတာပေါ့နော်။ အကုန်လုံးကိုလည်း စားနပ်ရိက္ခာတွေပေးပြီး ကောင်းကောင်းမွန်မွန်ထားတယ်။" ဟု ကေအိုင်စီသို့ ပြောသည်။

KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ၊ Force for Federal Democracy နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်-BPLAတို့ ပူးပေါင်းပါဝင်ခဲ့သည့် ယမန်နေ့ နိုဝင်ဘာလ(၃)ရက်နေ့က တိုက်ပွဲ အတွင်း BPLA တပ်ဖွဲ့ဝင်(၁)ဦးသေဆုံး၍ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စစ်ကောင်စီဘက်က ဗိုလ်ကြီး(၃)ဦးပါဝင်သော စစ်သုံ့ပန်း(၁၇)ဦးအပြင် လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း BPLA ကလည်း ယမန်နေ့က သတင်းထုတ်ပြန်သည်။

တပ်ရင်း(၃)ခု ပူးပေါင်းထားသော အဆိုပါ စစ်ကောင်စီ၏အင်အားကြီးခေါပုတ်စခန်းတွင် တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူး(၃)ဦးရှိပြီး ၎င်းတို့အား KNLA ပူးပေါင်းတပ်မှ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက ခေါပုတ်စခန်းကို KNLA ပူးပေါင်းတပ်က ဝင်ရောက် သိမ်းပိုက်စဥ် အင်အား(၁၀၀)ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းမှဆုတ်ခွာပြေးခဲ့ကြပြီး ဖာပွန်ဗျူဟာသို့ သွားရောက်ပူးပေါင်းနိုင်ရန်ကြိုးပမ်းနေကြသည့်အတွက်  KNLA ပူးပေါင်းတပ်က လက်ရှိအချိန်ထိ လိုက်လံရှင်းလင်းနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

Most read this week

January 29, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်...
January 28, 2026
ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်မြေထဲတွင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းအတွက် အဆောက်အဦသစ်များ...
Photo credit- เอก เกียรติศักดิ์ แม่สอด
January 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက်...
January 26, 2026
မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၉)ရက်နေ့ညပိုင်းက...