မွန်ဒေသထွက် စပါးများ ယခင်နှစ်ထက် ဈေးနှုန်းကျဆင်းနေ

မွန်ဒေသထွက် စပါးများ ယခင်နှစ်ထက် ဈေးနှုန်းကျဆင်းနေ

ယခုနှစ် မွန်ပြည်နယ်စျေးကွက်အတွင်း မိုးစပါးများ ယခင်နှစ်ထက် စျေးနှုန်းကျဆင်းနေသည်ဟု ဒေသတွင်း တောင်သူများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မိုးစပါးပေါ်သည့် ယခုလိုအချိန်တွင် ဆန်ကြမ်းအုပ်စုဝင်စပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၃ သိန်းမှ ၂၅ သိန်းအထိလည်းကောင်၊ ဆန်ချောအုပ်စုဝင်စပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၈ သိန်းမှ သိန်း ၃၀ ကျော်အထိလည်းကောင် စျေးပေါက်ခဲ့သည်ဟု ဆိုသည်။

“အခု စပါးဈေး ကျနေတယ်၊ ကုန်သည်တွေက စပါးကို နှိမ်ပြီး ဝယ်ကြတယ်ပေါ့၊ အခု စပါးပေါ်စဦးမှာ သူတို့ဝယ်နိုင်တဲ့ဈေးက အဲဒီလောက်ဖြစ်နေတယ်၊ သူတို့ပြန်ရောင်းလို့ အဝယ်မရှိဘူး ပြောတယ်၊ အဲဒါကြောင့်မို့ သူတို့ ကြိုက်တဲ့ ဈေးလောက်ပဲ သူတို့ပေးနိုင်တာပေါ့” ဟု ရေးမြို့နယ်၊ တောင်သူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေအရ ဆန်ကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၆ သိန်းကျော်၊ ပေါ်ဆန်စပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၅ သိန်းမှ ၂၆ သိန်းနှင့် ကမာကြည်စပါး တင်း ၁၀၀ လျှင် ၂၂ သိန်းမှ ၂၃ သိန်းကျော်ဖြင့် စျေးပေါက်နေပြီး ယခင်နှစ်ထက် စပါးစျေး နှုန်းများ ကျဆင်းလာသည်ဟု ဆိုသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးမှု၊ ပိုးမွှားကျရောက်မှုနှင့် ရေငန်များ ဝင်ရောက်လာမှုတို့ကြောင့် မွန်ပြည်နယ်က စပါးခင်းအများအပြားလည်း ထိခိုက် ပျက်စီးခဲ့ရသည်။

“လယ်သမားတွေ ဒီနှစ်ရူံးတယ် ၁၀ ဧကလောက် စိုက်ရင် ၃ ဧကလောက်က ပျက်သွားတယ်၊ စပါးဈေးကျလို့ ရူံးတဲ့အပြင်ကို ရာသီဥတုဖျက်လို့ ရူံးရတယ်၊ ဖြုတ်ပိုးကိုက်တယ်၊ ရေငန်ဝင်တဲ့ စပါးက စားလို့လည်းမရ ရောင်းလို့လည်းမရ မဲကုန်တယ်၊ တချို့က ရိတ်လို့တောင်မရဘူး” ဟု ပေါင်မြို့နယ် တောင်သူတစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း စပါးဈေးနှုန်းကျဆင်းမှုနှင့်အတူ သွင်းအားစုများဖြစ်သည့် လယ်ထွန်ယက် စရိတ် တစ်ဧကကို ကျပ် ၃ သိန်းကျော်၊ စပါးစိုက်ပျိုးစရိတ် တစ်ရက်ကို နှစ်သောင်းကျော် ကုန်ကျခဲ့သည့်အပြင် မြေသြဇာ တစ်အိတ်ကို တစ်သိန်းကျော်နှင့် စက်ဖြင့် စပါးရိတ်ခ တစ်ဧကကို တစ်သိန်းရှစ်သောင်းအထိ ဈေးမြင့်နေသဖြင့် မိုးစပါးစိုက်တောင်သူများ တွက်ခြေမကိုက်ဟု ဆိုသည်။

မွန်ပြည်နယ်တွင် စပါးစိုက်ပျိုးဧက ၇ သိန်းနီးပါးဖြင့် နှစ်စဥ် စပါးတင်းပေါင်း ၄၃၀ ကျော် ထွက်ရှိနေသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ထွက်ရှိလာသည့် စပါးများကို ကြိတ်ခွဲကာ ဒေသတွင်းနှင့် တိုင်း၊ ပြည်နယ်အချို့ကို တင်ပို့ရောင်းချနေကြောင်း သိရသည်။

June 8, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသဘက်တွင် လေကြောင်းအန္တရာယ်စိုးရိမ်ရသဖြင့်...
June 6, 2026
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင်...
ဓာတ်ပုံ - TWO
June 6, 2026
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ ယမ်းသိုလှောင်ရုံ...
June 5, 2026
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများ၏ ရပိုင်ခွင့်ကို လျစ်လျူရှု့ကာ ပြည်ထောင်စုကို...