အမ်းတိုက်ပွဲကြောင့် ကျေးရွာပေါင်း ၁၀ ခန့်က ဒေသခံများ စစ်ဘေးတိမ်းရှောင်

အမ်းတိုက်ပွဲကြောင့် ကျေးရွာပေါင်း ၁၀ ခန့်က ဒေသခံများ စစ်ဘေးတိမ်းရှောင်

အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျေးရွာပေါင်း ၁၀ ခန့်က ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ရွာသာယာ၊ မီးလောင်ချောင်း၊ ကျောက်စကွဲ၊ မဲတောင်ခြေရင်း၊ ကြပ်၊ ရပ်သာ၊ ကြောင်ဖြူကွင်း၊ ကျွဲတလင်း၊ ကံ့ကော်တောင်နှင့် စမ်းကြီးစသည့် ကျေးရွာ ၁၀ ခန့်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ပထအပတ်မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

"တိုက်ပွဲက ရွာနားကပ်နေပြီဆိုတော့ မနေရဲကြတော့ဘူး။ လက်နက်ကြီးပစ်သံတွေ၊ သေနတ်ပစ်သံတွေက လည်း အရမ်းနီးကပ်လာတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘာမှ ပြင်ဆင်ချိန်မရဘဲ ပြေးလာကြတာ" ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ အမ်းမြို့ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံများနှင့် ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေကြပြီး အချို့မှာ ဆွေမျိုးနေအိမ်များတွင် နေထိုင်နေကြကာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အရေးပေါ်အကူအညီများ လိုအပ်နေသည်။

လက်ရှိ အမ်းမြို့ပေါ်တွင် ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းမှ တစ်သိန်းနှစ်သောင်း ကျပ်အထိရှိနေသည်။

အခြေခံစားသောက်ကုန်မှာလည်း စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၂၅,၀၀၀၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၀,၀၀၀ ၊ ငါးပိတစ်ပိဿာလျှင် ငွေကျပ် ၂၀,၀၀၀ အထိ ဈေးမြင့်တက်နေသည်။

"စားသောက်ကုန်ဈေးတွေ တက်တယ်။ စစ်ရှောင်လာကြတာဆိုတော့ တတ်နိုင်တဲ့လူကတော့ ဝယ်စားနိုင် ကြသေးတယ်။ ငွေကြေးမတတ်နိုင်တဲ့ သူတွေကျတော့ တအားခက်ခဲနေကြတယ်။ အဓိကကတော့ ဆန်လိုအပ်ချက်ရှိတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များထဲတွင် အသက် ၁၄ နှစ်မှ အသက် ၄၀ အရွယ် အမျိုးသမီး ၅၀၀ ကျော်ပါဝင်ပြီး အမျိုးသမီး လစဉ်သုံးပစ္စည်းများလည်း အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အမ်းမြို့နယ်အတွင်း စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားကာ ဆေးဝါးသယ်ယူခွင့်ကိုပိတ်ပင်ထားသဖြင့် စစ်ဘေးရှောင်များအပြင် ဒေသခံများမှာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့အဝင် ခမရ ၃၇၃ တပ်ရင်းကို အာရက္ခတပ်တော်က ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...
ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...