မိုင်းရယ် စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၁ ဦးသေဆုံး၊ ၈ ဦးထက်မနည်းဒဏ်ရာရ

မိုင်းရယ် စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၁ ဦးသေဆုံး၊ ၈ ဦးထက်မနည်းဒဏ်ရာရ

သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှကြောင့် အရပ် သား ၁ ဦးသေဆုံးကာ  ၈ ဦးထက်မနည်း ဒဏ်ရာရပြီးပြည်သူများ အထိတ်တလန့်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၉ ရက်) နံနက် ၂နာရီခွဲအချိန်တွင် မိုင်းရယ်မြို့အနီးရှိ သကြားစက်ရုံ ဧည့်ရိပ်သာနှင့် အလုပ်သမားနေအိမ် အဆောင်များကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံး ၄ လုံး ကြဲချခဲ့မှုကြောင့်   အသက်(၂၀)အရွယ်ရှိ အမျိုးသမီး တစ်ဦးသေဆုံးကာ (၈) ဦးထက်မနည်း ဒဏ်ရာရရှိပြီး ၎င်းထဲကအမျိုးသမီး ၂ ဦး ခြေတဖက်စီပြတ်သွားကြောင်း မြို့နယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့မနက် ၂နာရီခွဲမှာ စစ်တပ်က သကြားစက်ရုံရဲ့ ဧည့်ရိပ်သာနဲ့ အလုပ်သမားနေတဲ့အဆောင်တွေကို လေယာဉ်၂ စီးနဲ့ ဗုံး ၄ လုံးလာကြဲသွားတယ်။ မိန်းကလေး အသက် ၂၀ တစ်ဦးသေသွားတယ်၊ ၈ယောက်မကဘူး ဒဏ်ရာရတယ် အဲ့ထဲက မိန်းကလေး ၂ ဦးက ခြေတဖက်စီပြတ်သွားတယ်။ ‌နောက်မိန်းကလေး ၁ ဦးက လက်တဖက်ပြတ်သွားတယ်။စက်ရုံပိုင်ရှင်းလည်း ဒဏ်ရာပြင်းထန်ရတယ် “ ဟု ၎င်းကပြောသည်။

လက်ရှိ ဒဏ်ရာရရှိသူများကို မိုင်းရယ်မြို့ပြည်သူ့ဆေးရုံနှင့် ကျေးသီးဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ထိုဗုံးကြဲမှုကြောင့်  သကြားစက်ရုံ ဧည့်ရိပ်သာ နှင့် အလုပ်သမားနေအိမ်အားလုံးပျက်စီးပြီး သကြားစက်ရုံပိုင်ရှင်၏နေအိမ်လည်း တစ်အိမ်လုံးပျက်သွားသည်ဟု သိရသည်။

မိုင်းရယ်မြို့အတွင်းရှိပြည်သူများနှင် မြို့အနီးရှိ ဒေသခံများသည် စစ်ကောင်စီတပ် ၏ တိုက်ခိုက်မှုကြောင့် အထိတ်တလန့်ဖြစ်ပြီး တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ သကြားစက်ရုံ အလုပ်သမားနေအိမ်နဲ့ သူဌေးအိမ်တော့ အကုန်ပျက်ကုန်ပြီ။ ဒဏ်ရာရတဲသူတွေတော့ ဆေးရုံးမှာ ဆေးကုသနေတယ်။ သူဌေးလည်းက တရုတ်လူမျိုးဖြစ်တော့ ကိုးကန့်တပ် (MNDAA) ရောက်တယ်ထင်ပြီး ဗုံးလာကြဲသွားတယ်။ အဲနေကို ဦးတည်ပြီးကို လာကြဲတာ။ ပြည်သူတွေ တော်တော်ကြောက်ကြတယ် တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်”ဟု ၎င်းက ပြောသည်။

မိုင်းရယ်မြို့နယ် ဟိုယကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစပြီး စစ်ကောင်စီက အင်အားဖြည့်တင်းလာတာကြောင့် ကိုးကန့်တပ်ဖွဲ့(MNDAA)တို့နှင့် စစ်ရေးတင်းမာမှုများဖြစ်ပေါ်နေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သဖြင့် ဒေသခံပြည်သူ များ တောင်ယာကြံစိုက်ခင်းသို့ မသွားရဲဖြစ်နေကြသည်။

ဇူလိုင်လလယ်ပိုင်း မှစတင်ပြီး မိုင်းရယ်မြို့ပေါ်သို့ SSPP ဌာနချုပ် ဝမ်ဟိုင်းမှ တပ်အင်အားအများအပြား ဝင်ရောက်နေရာယူထားပြီး မြို့ပတ်လည်တွင် လုံခြုံရေးယူထားသော်လည်း လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာနေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ည ၈ နာရီအချိန်တွင် စစ်တပ်က  ဟိုယရွာမြောက်ဘက်ရှိ  ကောင်းမောင်ရွာကို ဗုံးလာကြဲကြောင့် ထိခိုက်ဒဏ်ရာရသူ ၄ ဦးရှိပြီး နေအိမ်ပျက်စီးမှုများလည်းရှိကြောင်းသိရသည်။

လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...
April 21, 2026
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ...