ချင်းပြည်နယ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့ စစ်ဘေးရှောင်တွေအကူအညီတောင်းဖို့အတွက်ကို အခက်အခဲများစွာကြုံနေရ

ချင်းပြည်နယ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့ စစ်ဘေးရှောင်တွေအကူအညီတောင်းဖို့အတွက်ကို အခက်အခဲများစွာကြုံနေရ

ချင်းပြည်နယ်က မြို့နယ်အများစုမှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့ စစ်ဘေးရှောင်တွေအကူအညီတောင်းဖို့အတွက် အခက်အခဲများစွာကြုံနေရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကသိရပါတယ်။

ကန်ပက်လက်ကစစ်ဘေးရှောင်တွေကိုကူညီပေးသူတစ်ဦးပြောတာက “ဖုန်းလိုင်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးတွေဖြတ်ထားတော့ ကျန်းမာရေးကိစ္စတွေအတွက် အရမ်းကို အခက်ခဲဖြစ်တယ် လမ်းခရီးကြောင့် အချိန်ပိုကြာ လမ်းကြမ်းတော့ လမ်းခရီးမှာတင် သေတဲ့ ကိုယ်ဝန်ဆောင်တွေ နာမကျန်းတွေ ရှိတယ်။ ကုန်သွယ်ရေးဖြတ်ထားတော့ ဒေသခံပြည်သူတွေက အခြေခံလိုအပ်ချက်တွေကို ဈေးနှုန်းအဆမတန်ပေးပြီး ဝယ်နေရတယ်။ ကုန်ပစ္စည်းတွေကန့်သက်တော့ လိုအပ်တာတွေ ဝယ်ယူခွင့်မရတာတွေဖြစ်တယ်” လို့ပြောပါတယ်။

ဆက်သွယ်ရေးဖုန်းလိုင်းတွေနဲ့လမ်းပန်းဆက်သွယ်ရေးတွေကို စစ်ကောင်စီဘက်က ဖြတ်တောက်ထားတာဟာ တော်လှန်ရေးအင်အားစုတွေကို အခက်အခဲဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်မှာ ဆက်သွယ်ရေးနဲ့လမ်းပန်းဆက် သွယ်ရေးအတွက် သူတို့နည်း သူတို့ဟန်နဲ့ ရှိပြီးသားဖြစ်တာကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူတွေသာ အဓိကခံနေရတာလို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတစ်ဦးက “ကုန်ပစ္စည်းဖြစ်စေ ဆက်သွယ်ရေးဖြစ်စေ တော်လှန်ရေးအင်အားစုတွေ အသုံးပြုတဲ့ နည်းလမ်းတွေ၊ လမ်းကြောင်းတွေက သူတို့ချင်းချင်းကြားမှာရှိပြီးသား အဓိက အဲဒီအခက်ခဲတွေ အကျိုးသက်ရောက်မှု ခံရတာက မိဘပြည်သူတွေပဲခံနေရတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းဆောမြို့နယ်တွေမှာ စစ်ကောင်စီက MPT နဲ့ တယ်လီနောဖုန်းလိုင်းတွေ ဖြတ် တောက်ထားတဲ့အပြင်လမ်းပန်းဆက်သွယ်ရေးတွေကိုလည်း ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အသံ - Athan အဖွဲ့ရဲ့ သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံတဝန်း ဖုန်းလိုင်းနဲ့ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့နယ်ပေါင်း ၉၂ မြို့နယ်ထဲမှာ ချင်းပြည်နယ်က ၉ မြို့နယ်ထဲမှာ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ တီးတိန်၊ ထန်တလန်၊ တွန်းဇံ၊ ဖလမ်း စတဲ့မြို့နယ်တွေ ပါဝင်ပါတယ်။

June 5, 2026
အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်ပြီးတဲ့နောက်ပိုင်း အိန္ဒိယ -...
June 4, 2026
စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးပြီး တိုက်ပွဲဖြစ်နေတာကြောင့် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်...
June 3, 2026
လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ဆိုကာ တီးတိန်မြို့နယ် လိုင်တွီးရွာ ကနေ အိန္ဒိယ - မြန်မာနယ်စပ်က...
Photo By CJ
June 2, 2026
မင်းတပ်မြို့အောက်ဘက် ၁၀ မိုင်ဝန်းကျင်ခန့်အကွာ ချင်းပြည်နယ်အတွင်းရှိ ထင်ချောင်းရွာထဲသို့ မေလ ၃၀...