ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး သေဆုံး

ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး သေဆုံး

နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ် ကိုးလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၁၂ ဦး ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံမှ သိရပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း အကျဉ်းထောင်တွေမှာ ဆေးကုသခွင့် အပြည့်အဝမရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုးဦး၊ နိုင်ငံရေးအကျဉ်းသူနှစ်ဦးနဲ့ ရဲ CDM တစ်ဦး စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့တာပါ။

ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးခဲ့ရတဲ့ အကျဉ်းထောင်တွေမှာ ကျိုက်မရောထောင်၊ မကွေးထောင်၊ ကလေးထောင်၊ အိုးဘိုထောင်၊ ဒိုက်ဦးထောင်၊ သရက်ထောင်၊ အင်းစိန် ထောင်နဲ့ သထုံထောင်တို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်ဦးက အကျဉ်းထောင်တွင်း သေဆုံးခဲ့ရတဲ့သူတွေဟာ မသေသင့်ဘဲ သေခဲ့ကြရတာဖြစ်ပြီး ထောင်ဆေးရုံတွေကလည်း နိုင်ငံရေးအကျဉ်းသားတွေ မသေခင်မှာ ယာယီထားတဲ့နေရာ ဖြစ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေဟာ အကျဉ်းသားတွေကို ဖိနှိပ်တဲ့ နေရာဖြစ်နေပြီး တစ်ဖက်မှာလည်း အကျဉ်းသားတွေကို လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မပေးတာကြောင့် အခုလို သေဆုံးသူတွေ မြင့်တက်လာရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ထောင်အာဏာပိုင်တွေအနေနဲ့ မိသားစုဝင်တွေ ထောင်ဝင်စာထဲမှာပေးပို့တဲ့ နိုင်ငံခြားဆေးဝါးတွေကို ကန့်သတ်မှုမရှိဘဲ လက်ခံပေးပို့ဖို့နဲ့ အကျဉ်းထောင်တွင်းက အရေးကြီးလူနာတွေကို ပြင်ပဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးကုသပေးဖို့ ကိုသိုက်ထွန်းဦးက တိုက်တွန်းတာပါ။

မြန်မာပြည်တစ်ဝှမ်းက အကျဉ်းထောင်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရှေ့တန်းစစ်မြေပြင်သဖွယ် ဖြစ်နေပြီး အကျဉ်းသားတွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ သတ်ဖြတ်ခံနေရတဲ့အပြင် ဆေးဝါးနဲ့ ဆရာဝန်တွေလုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံ လောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ နှစ်ဦး သေဆုံးခဲ့ရတယ်လို့ PPNM ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...