စစ်ကောင်စီနှင့် တော်လှန်‌ရေး အင်အားစုတို့ကြောင့် တစ်လအတွင်း အရပ်သား ၂၀ ဦးကျော် သေဆုံး

စစ်ကောင်စီနှင့် တော်လှန်‌ရေး အင်အားစုတို့ကြောင့် တစ်လအတွင်း အရပ်သား ၂၀ ဦးကျော် သေဆုံး

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုများကြောင့် ဒေသခံပြည်သူ ၂၀ ဦးကျော် သေဆုံးခဲ့သည်ဟု FE5 Tanintharyi က ပြုစုထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းထားသည့် နေရာအများစုကို နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရန်အတွက် စစ်ကြောင်းထိုးစစ်ဆင်ရေးများကို နည်းမျိုးစုံဖြင့် ပြုလုပ်လာခြင်း ကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၇၁ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ယခုလို အရပ်သားထိခိုက် သေဆုံးမှု မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

အရပ်သား သေဆုံးမှုများတွင် ဖြစ်စဉ်များတွင် စစ်ကောင်စီက အကြောင်းမဲ့ သတ်ဖြတ်မှုများပါဝင်သလို လူနေအိမ်များရှိရာသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့သည်ဟု FE5 Tanintharyi အစီရင်ခံစာတွင် ပြောဆိုထားသည်။

“စစ်ကောင်စီက အခုနောက်ပိုင်း မနိုင်မှန်းသိလာတော့ အရပ်သားပြည်သူတွေရှိတဲ့နေရာတွေကို လက်နက်ကြီး တွေနဲ့ ပစ်မှတ်ထား လုပ်ဆောင်လာတာ တွေ့ရတယ်။ ပြည်သူတွေကိုလည်း စစ်ရေးအသိ၊ သတိတွေနဲ့ နေကြဖို့ တိုက်တွန်းလိုပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အခြားအရပ်သားသေဆုံးမှု ဖြစ်စဉ်များမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က ဒလန်ရှင်းလင်းရေးဟု အမည်တပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တို့က ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကိုင် တပ်ဖွဲ့ဝင် အချင်းချင်း သတ်ဖြတ်ခြင်းနှင့် မည်သူတို့က သတ်ဖြတ်သည်ကို မသိရသည့် လက်သည်မပေါ်သတ်ဖြတ်မှုများ ကြောင့် အရပ်သား ၁၄ ဦး ထပ်မံ သေဆုံးခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်များထဲတွင် ကျွန်းစုမြို့နယ်၊ မင်းခေါင်းဆေးရွာမှ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် အရပ်က ပျူစောထီးဟု ခေါ်လေ့ရှိသူ ဦးနောင်မေးနှင့် ဦးကြယ်စင်အောင်တို့ နှစ်ဦး သေဆုံးခဲ့သလို လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာမှ ပျူစောထီးအဖွဲ့ဝင်ဆိုသူ၏ ဇနီးဖြစ်သူ ဒေါ်အင်ရွှေတို့ သေဆုံးမှုများ ပါဝင်သည်။

အလားတူ ဘုတ်ပြင်းမြို့နယ်တွင် ကုန်တင်ယာဉ်မောင်းများဖြစ်သူ ကိုအောင်ကိုကို၊ ကိုသားကမ်းတို့နှစ်ဦး နှင့်အတူ ဆေးကုရန်လိုက်ပါသွားသူ ကိုအာနိုး ဆိုသူကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ဟု FE5 အစီရင်ခံစာတွင် ထောက်ပြထားသည်။

အထက်ပါဖြစ်စဉ်နှင့်အလားတူ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး တပ်ဖွဲ့ ဝင်တို့က ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု တနင်္သာရီတိုင်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် FE-5 Tanintharyi က ပြုစုထားသည့် အစီရင်ခံစာအရ သိရသည်။

Most read this week

January 31, 2026
စစ်အုပ်စုတပ်များ အင်အားပြလာနေသည့် မြဝတီမြို့တွင် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့ဝင်တချို့သည်...
January 30, 2026
၂၀၂၅ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း...
January 29, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်...
January 28, 2026
ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်မြေထဲတွင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းအတွက် အဆောက်အဦသစ်များ...