ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွားကာ အရပ်သားတစ်ဦး ကျည်ထိသေဆုံး

ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွားကာ အရပ်သားတစ်ဦး ကျည်ထိသေဆုံး

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ယနေ့ စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်ထဲအိပ်နေသော အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့မနက်အစောပိုင်း ၃ နာရီဝန်းကျင်တွင် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ ပြည်နယ်အစိုးရရုံးအနီးမှာ  ပစ်ခတ်မှုဆက်တိုက်ဖြစ်ပွားခဲ့ပြီး မနက် ၅ နာရီခန့်တွင် ပစ်ခတ်မှုရပ်သွားကြောင်း သိရသည်။

ထိုပစ်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးဘဏ်ရုံးအနီးရှိ သက်ကြီးပိုင်း အမျိုးသားတစ်ဦးသည် နေအိမ်ထဲအိပ်နေစဉ် ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။

"သေဆုံးတဲ့သူက အိပ်နေတဲ့ချိန် သေနတ်မှန်တာ ‌ခေါင်းတည့်တည့်မှာထိတယ်လို့ပြောတယ်၊ ကျွန်တော့်အမျိုးသမီးက အခု အသုဘသွားနေတာ” ဟု ဟားခါးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူမှာ ချင်းဦးစီးရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်အနောက်ဘက်တွင်နေထိုင်သော အသက် ၆၀ ဝန်းကျင်အရွယ်ခန့်ရှိသည့် Pu Ngun Thio ဟု သိရသည်။

ဟားခါးမြို့ ရုန်းတောင်မှာ အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ထိုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားနေစဉ်တွင် လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

“ဒီမနက်အစောကြီးပဲ ပစ်ကြတာ၊ သေနတ်သံ၊ ဒရုန်းသံတွေနဲ့ ဗုံးသံကတော့ ဆက်တိုက်ပဲကြားနေရတယ်၊ အရမ်းကျယ်တယ်၊ ကျွန်မတို့အိမ်တောင်တုန်တယ်၊ ဒါပေမဲ့ အခုထိသိရသလောက်တော့ နေအိမ်ကျည်ထိတာရှိတယ်၊ လုံးလုံး ပျက်ဆီးသွားတာတော့ မရှိဘူး” ဟု ဟားခါးမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းစုံအား သိရှိနိုင်ရန် CDF-Hakha တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသေးပေ။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လက်ရှိ ဟားခါးမြို့ပေါ်တွင် လမ်းသွားလမ်းလာနည်းပါးပြီး တိတ်ဆိတ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

June 17, 2026
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး...
June 16, 2026
ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ့သည့် ချင်းတောင်ပိုင်း၊...
June 15, 2026
တပ်ဖွဲ့ဝင်ဟောင်းများအပါအဝင် ဇိုလူငယ်များအနေဖြင့် CDF-Tonzang တပ်ဖွဲ့သို့...
June 13, 2026
ချင်းပူးပေါင်းတပ်များနှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းတောင်ပိုင်း...