တနင်္သာရီတိုက်ပွဲတွင် စစ်ကောင်စီက အရပ်သားပိုင် ကုန်တင်ယာဉ်များကို ချောဆွဲပြီး အင်အား၊ ရိက္ခာဖြည့်

တနင်္သာရီတိုက်ပွဲတွင် စစ်ကောင်စီက အရပ်သားပိုင် ကုန်တင်ယာဉ်များကို ချောဆွဲပြီး အင်အား၊ ရိက္ခာဖြည့်

တနင်္သာရီမြို့နယ် ကျေးရွာများ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီက အရပ်သားပိုင် ကုန်တင်ယာဉ် များကို ချောဆွဲပြီး အင်အား၊ ရိက္ခာဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု မြို့နယ် ကေအဲန်ယူတာဝန်ရှိသူက ပြောသည်။

ကေအဲန်ယူ၊ တနင်္သာရီမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထီးဝါးက “လတ်တလော ထုံထော်ရွာဘက်မှာ တိုက်ပွဲဖြစ်တာဆိုတော့ ခြောက်မိုင်ဘက်ကနေပြီးတော့ အရပ်သားကုန်တင် ကားတွေကို ဖမ်းဆီးတယ်။ အဲ့ဒီကားတွေနဲ့ စစ်တပ်လူအင်အားရော၊ ရိက္ခာတွေကို လိုသလောက် သယ်ဆောင်နေ တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များ၌ ထိုင်းနိုင်ငံမှပြန်လာသည့် လူငယ်အများစုကို ပစ်မှတ် ထားဖမ်းဆီးနေသည့်အပြင် ကုန်တင်ကားအများစုကို တိုက်ပွဲအတွင်းအသုံးပြုလာသည့်အတွက် ဒေသခံများ အနေဖြင့် စားဝတ်နေရေး ပြဿနာများကို ခက်ခဲစွာဖြေရှင်းနေရသည်ဟု တနင်္သာရီမြို့နယ်တွင် နေထိုင်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီမြို့အဝင်က စစ်ဆေးရေးဂိတ်တွေမှာဆိုရင် ထိုင်းကနေပြန်ဝင်လာတဲ့ လူငယ်တွေအများစု ခဏခဏ ဖမ်းဆီးခံရ တယ်။ အခု စစ်မှုထမ်းဥပဒေက တရားဝင်ဖြစ်နေပြီးဆိုတော့။ အရင်ကကုန်တင်ကားတွေဆိုရင် စစ်တပ်က ကာဗာ သဘောမျိုးလောက်ပဲ ပြည်သူကားတွေနဲ့ အတူတူသွားရင် ပစ်ခံမထိလောက်ဘူး ဆိုပြီးတော့။ အခု နောက်ပိုင်းကျတော့ တိုက်ပွဲတွေမှာပါ အသုံးပြုလာတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကောင်စီမှ အရပ်သားကားများကိုချောဆွဲသည့် ကိစ္စနှင့်ပက်သက်၍ ဒေသအတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များက တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ ကားများနှင့် အတူသွားလာခြင်းမပြုရန်နှင့် ပြည်သူများ စစ်ရေးအသိသတိထားရှိရန် ထုတ်ပြန်ထားသည်။

တနင်္သာရီ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက စက်တင်ဘာလ ၂ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် တစ်လအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ရာတွင် ‌ပေါက်ကွဲအား ပြင်းထန်သည့် မီးလောင်ဗုံး၊ ကလပ်စတာဗုံး အပြင် ပေါင် ၂၅၀ ဗုံးသီးများကို စတင်အသုံးပြု လာသည့်အတွက် ဒေသခံများ စိုးရိမ်စိတ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

Most read this week

February 2, 2026
မန်းကိုကို — လူတိုင်း ပိုကောင်းတဲ့ အနာဂတ်ကိုယ်စီ ပိုင်ဆိုင်ရဖို့ ဆန္ဒရှိကြတယ်။...
January 31, 2026
စစ်အုပ်စုတပ်များ အင်အားပြလာနေသည့် မြဝတီမြို့တွင် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့ဝင်တချို့သည်...
January 30, 2026
၂၀၂၅ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း...
January 29, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်...