ဖာပွန်စစ်ကူအတွက် ကတိုင်တိသို့ BGFအချို့ နှင့်စစ်ကောင်စီ အင်အား ၁၀၀ ကျော်ရောက်လာ

ဖာပွန်စစ်ကူအတွက် ကတိုင်တိသို့ BGFအချို့ နှင့်စစ်ကောင်စီ အင်အား ၁၀၀ ကျော်ရောက်လာ

ကေအဲန်ယူ၊ မူတြော်ခရိုင်၊ တပ်မဟာ(၅) နယ်မြေ ဖာပွန်မြို့နယ်၊ ကတိုင်တိသို့ စစ်ကူပေးရန် BGF အချို့နှင့် စစ်ကောင်စီ ပူးပေါင်းအင်အား ၁၀၀ ဦးကျော် ရောက်ရှိလာသည်ဟု တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး ကြီးစောကလယ်ဒိုက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပူးပေါင်းစစ်ကြောင်းသည် ဖာပွန်မြို့သို့ စစ်ကြောင်းထိုးရန် စီစဉ်နေပြီး လက်ရှိအချိန်တွင် ရှေ့တိုး၍ မရဖြစ် နေကာ ကတိုင်တိ စစ်ကောင်စီတပ်စခန်း၌ ရောက်ရှိ စခန်းချနေသည်ဟု တပ်မဟာ(၅)ဘက်က ပြောသည်။

“ BGF က စစ်ကောင်စီနဲ့ မပူးပေါင်းတော့ဘူး သီးသန့်ဘဲနေတယ်ဆိုပြီး အရင်က ပြောထားတာရှိတယ်။ ဒါပေမယ့် တပ်မဟာ (၅) မှာတော့ အတူတူဘဲသွားလာ လုပ်ဆောင်နေတယ်။ ကတိုင်တိမှာ အင်အား၁၀၀ ကျော်တက်လာ တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့်အခုက ကတိုင်တိမှာဘဲ သူတို့ရောက်တယ်ပေါ့၊ အပေါ်ဘက်မှာတော့ သူတို့ မတက်ဘူး၊ တက်ရင်တော့တိုက်ပွဲတော့ဖြစ်မှာပါ” ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ကေအိုင်စီသို့ ပြောသည်။

ဖာပွန်မြို့တွင် ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၁၉) နှင့် (ခမရ-၄၃၄) တပ်ရင်း စခန်းများကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းယူပြီးနောက် ဖာပွန်မြို့ကို လက်ရှိ အချိန်ထိ ထိန်းချုပ်ထားသည်ဟု ကေအဲန်ယူ တပ်မဟာ(၅)ဘက်က ပြောဆိုသည်။

ထို့ကြောင့် ဖာပွန်မြို့ရှိစစ်ကောင်စီတပ်များသည် ၎င်းတို့၏ အခြေချစစ် ဗျူဟာစခန်းတွင်ရှိသည့် ခြေမြန်တပ်ရင်း ခမရ-၃၄၀ နှင့် ခရမ -၃၄၁ တို့ ပြန်လည်ပူးပေါင်း စခန်းချနေထိုင်လျက်ရှိသည်ဟု ကေအဲန်ယူ၊ တပ်မဟာ(၅) ဘက်မှ သိရသည်။

ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက “ဖာပွန်မြို့အနီး ပြန်လည်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်စခန်းကတော့ ဒီဘက် KNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကပိတ်ဆို့တိုက်ခိုက်ထားတော့ သူတို့လည်း အပြင်ထွက်လို့ မရဘူး။ စစ်ကူတွေလည်း လွယ်လွယ်နဲ့ပြန်တက်လာလို့ မရဘူး။ သူတို့ အစားအသောက် အတွက်ကတော့ စစ်ကောင်စီ ဘက်က လေယာဉ်နဲ့ဘဲ လာပို့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ၊ ထိန်းချုပ်ထားသည့် ဖာပွန်မြို့အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီ၏ ခေါပုတ်စခန်းတစ်ခုသာ ကျန်ရှိပြီး ဖာပွန် – ကမမောင်းလမ်းပိုင်တွင် ကမမောင်းစခန်းအပြင် ကတိုင်တိ၊ ကူးဆိပ်၊ တောင်သုံးလုံးနှင့် မာထော စသည့် စခန်းများ ကျန်ရှိနေသေးကြောင်းသိရသည်။

ကေအဲန်ယူ၊ မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ်မြေထဲတွင် စစ်ကောင်စီ အခြေချတပ်စွဲထားသည့် စခန်းကြီး၊ စခန်းငယ် ပေါင်း ၈၀ ထိ ရှိခဲ့ပြီး ၃ နှစ်အတွင်း စခန်းပေါင်း ၂၀ ကျော်ကို ပြန်လည် တိုက်တိုက်ခိုက် သိမ်းယူ ထားသလို စခန်းငယ် အချို့ကို စစ်ကောင်စီဘက်က စွန့်ခွာ သွားခြင်းများရှိသည်ဟု ကေအဲန်ယူက ပြုစုထားသည့် စာရင်းများအရ သိရသည်။

Most read this week

February 2, 2026
မန်းကိုကို — လူတိုင်း ပိုကောင်းတဲ့ အနာဂတ်ကိုယ်စီ ပိုင်ဆိုင်ရဖို့ ဆန္ဒရှိကြတယ်။...
January 31, 2026
စစ်အုပ်စုတပ်များ အင်အားပြလာနေသည့် မြဝတီမြို့တွင် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့ဝင်တချို့သည်...
January 30, 2026
၂၀၂၅ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း...
January 29, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်...