မွန်ပြည်နယ်မှာ အာဏာသိမ်းမှုအတွင်း သတ်ဖြတ်ခံရသူ ၁၉၀ နီးပါးရှိလာ

မွန်ပြည်နယ်မှာ အာဏာသိမ်းမှုအတွင်း သတ်ဖြတ်ခံရသူ ၁၉၀ နီးပါးရှိလာ

စစ်အာဏာသိမ်းချိန်ကပြီး ဒီကနေ့အထိ သုံးနှစ်ခွဲကျော်ကာလအတွင်း မွန်ပြည်နယ်မှာ သတ်ဖြတ်ခံရသူ ၁၉၀ နီးပါးအထိ ရှိလာတယ်လို့ စက်တင်ဘာ ၆ ရက်နေ့ထုတ် လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီအရင်ခံစာက ဖော်ပြပါတယ်။

အစီရင်ခံစာပါ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ တစ်ထောင်ကျော်အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၃၃၀ ကျော်နဲ့ သတ်ဖြတ်ခံရသူ ၁၈၉ ဦးကျော်အထိရှိခဲ့တာပါ။

ထိခိုက်ဒဏ်ရာရသူနဲ့ သတ်ဖြတ်ခံရသူတွေဟာ ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီး၊ လက် နက်ငယ် ဏ်အပါအဝင် မြေမြှုပ်မိုင်းဒဏ်ကြောင့်လည်း ပါဝင်တယ်လို့ အစီရင်ခံစာကနေ သိရပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အိုင်းမွန်က အာဏာသိမ်းကာလအ တွင်း အရပ်သား ထိခိုက်သေဆုံးမှုဟာ တစ်စထက်တစ်စ ပိုမိုဆိုးရွားလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုနောက်ပိုင်း သိသိသာသာပဲ အရေအတွက်တွေက ပိုပြီးများလာတာရှိတယ်။ ကောက်ချက်ချပြီး ပြောနိုင်တာကတော့ ဆိုးဆိုးရွားရွားဖြစ်တဲ့အထဲမှာ တစ်စတစ်စနဲ့ပါနေပြီ။ ပြည်တွင်းစစ်က ဆိုလို့ရှိရင်လည်း အရှိန်အဟုန်မြင့်ပြီးတော့ အဲဒီလိုကြိုကြားကြိုကြား ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ ထိခိုက်နှုန်းတွေကလည်းပိုပြီးတော့ မြင့်လာတဲ့အခြေအနေတွေ ရှိလာတယ်”လို့ ဆိုပါတယ်။

လဂွန်းအိမ်စာစာစဉ်အနေနဲ့ အခုအစီရင်ခံစာမှာ အရပ်သားပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မိုင်းအန္တရာယ်နဲ့အတူ အရပ်သားထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု၊ ပြည်သူပိုင်အဆောက်အအုံတွေ ဆုံး ရှုံးမှုအခြေအနေတွေကို မီးမောင်းထိုးပြထားတာပါ။

လဂွန်းအိမ်စာစဉ်ကနေ ကောက်ယူတွေ့ရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဩ ဂုတ်အထိ ၈ လတာအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၂၀ နဲ့ သေဆုံးသူနှစ်ဦး ရှိခဲ့ပါတယ်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေမှာ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီးလေးဦး ပါဝင်ပြီး သေဆုံးသူနှစ်ဦးမှာ အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်အတွင်း မိုင်းအန္တရာယ်အများဆုံးကြုံတွေ့ရတဲ့ မြို့နယ်ဟာ ဘီးလင်းမြို့နယ်ဖြစ်ပြီး သထုံမြို့နယ်ကတော့ ဒုတိယအများဆုံးဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုအလွန် ပြည်သူတွေဟာ မိုင်းအန္တရာယ်ကို ပိုမိုကြုံတွေ့ရပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့အပြင် တစ်ဘက်မှာ လမ်း၊ တံတားစတဲ့ ပြည်သူပိုင်အဆောက်အအုံတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုကလည်း ကြီးမားတယ်လို့ ဆိုပါတယ်။

အခုနှစ် မွန်ပြည်နယ်အတွင်း မိုင်းဖောက်ခွဲခံရမှုကြောင့် တံတား ၆ စင်း ပျက်စီးခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ အချက်အလက်တွေက ဖော်ပြထားပြီး လမ်းသွားလမ်းလာနေရာတွေမှာ လူနာတင် ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပေါ်နေတာပါ။

ဒါကြောင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စစ်ရေးဖော်ဆောင်ရာမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စက်လက်နက်ပစ္စည်းတွေအန္တရာယ်ကနေ ပြည်သူတွေကို အကာအ ကွယ်ပေးဖို့ အစီစဉ်ခံစာက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...