မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၅ ထပ်ဖွင့်

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၅ ထပ်ဖွင့်

နိုင်ငံအနှံ့ ခုခံတော်လှန်စစ် တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၅ ထပ်မံခေါ်ယူလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းတက်ရောက်မယ့်သူတွေကို စက်တင်ဘာ ၃ ရက်နေ့က စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့မှ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ အမှတ် ၆ ပညာရေးကျောင်းမှာ သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တာပါ။

စစ်မှုထမ်းအပတ်စဉ် ၅ အတွက် သင်တန်းတက်ရောက်သူ အရေအတွက်စာရင်း တရားဝင်ထုတ်ပြန်တာ မရှိပေမယ့် စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ ဗွီဒီယိုမှတ်တမ်းတွေအရ ခန့်မှန်းခြေ ၁၀၀ ကျော် ရှိနိုင်ပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၅ နဲ့ ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြောခွင့်ရ နိုင်မွန်စိုင်းက မွန်ပြည်နယ်မှာ တော်လှန်ရေးအားနည်းမှုအပေါ် အခွင့်အကောင်းယူပြီး နိုင်ငံရေးသမားက စစ်ကောင်စီနဲ့ပူးပေါင်းပြီး လူငယ်တွေကို စစ်တပ်ထဲ သွင်းနေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံတဝန်းက နေရာတော်တော်များများမှာ စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းဖို့ ခေါ်လို့ မရတော့ဘူးပေါ့နော်၊ ဒါပေမယ့် ကျွန်တော်တို့ မွန်ပြည်နယ်ကတော့ ဆိုးတယ်။ သဘောကတော့ လက်ရှိ ကျွန်တော်တို့ တော်လှန်ရေး အခြေအနေ ကလည်း အားပျော့နေတာ တစ်ပိုင်းပေါ့နော်။ တစ်ချိန်တည်းမှာပဲ မွန်ပြည်နယ်မှာ နိုင်ငံရေးသမားတွေပေါ့နော်။ တချို့သော နိုင်ငံရေးသမားတွေ စစ်ကောင်စီနဲ့ ပေါင်းနေတာပေါ့နော်။ အဓိကတော့ ကြံ့ခိုင်ရေးပါတီကတော့ စကစနဲ့ ပေါင်းပြီးတော့ မွန်ပြည်နယ်မှာ မွန်လူငယ်တွေ အပါအဝင်ပေါ့နော်။ တခြားလူမျိုးတွေ လူငယ်တွေ အပါအဝင်ပေါ့။ ဒါစစ်တပ်ထဲကို သွပ်သွင်း နေတာ တွေ့ရပါတယ်” လို့ ဆိုပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF အပါအဝင် လွတ်လပ်တဲ့ သုတေသနအဖွဲ့တွေရဲ့ စစ်တမ်းတွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ်စဉ် ၄ အထိ စစ်သားစုဆောင်းခံရသူ ၁၀၀၀ ကျော် ရှိနေပါတယ်။

အဲဒီထဲက စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းဆင်းကိုတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ ရှေ့တန်းတွေထံ စေလွှတ်တာတွေ ရှိနေပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းကလည်း အတင်းအကျပ် စစ်သားစုဆောင်းခံရပြီး စစ်တပ်ထဲ ရောက်ရှိသွားတဲ့ လူငယ်တွေအနေနဲ့ အခွင့်အခါရရင် စွန့်ခွာထွက်ပြေးကြဖို့ တိုက်တွန်းတာပါ။

“စစ်မှုထမ်းအပတ်စဉ် ၅ မှာ တက်ရောက်သူတွေကို ပြောချင်တာက အခုစစ်ကောင်စီ တိုက်နေတဲ့ စစ်က မတရားတဲ့စစ် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ဖြစ်တယ်။ ရဲဘော်တို့အနေနဲ့ မလွဲမရှောင်သာ စစ်တပ်ထဲ အတင်းဆွဲထည့်ခံရလို့ မရှောင်နိုင်သည့်တိုင် အခွင့်အခါပေးတိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ကနေ စွန့်ခွာကြဖို့ ကြိုးစားကြပါ”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ စစ်မှုထမ်းအတွက် စစ်သားစုဆောင်းခံရသူတွေကိုတော့ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် တကက-၄ တပ်မတော်တန်းမြင့်သင်တန်းကျောင်းနဲ့ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ စစ်အခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ သင်တန်းပေးနေတာပါ။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ တပ်အင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းအတွက် သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး လူငယ် ၁၀၀၀၀ ကျော် တပ်သားသစ် စုဆောင်းထားပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...