ညောင်လေးပင်ခရိုင်အတွင်း ရေနစ်မြှုပ်၍ လယ်ဧကပေါင်း လေးသောင်းကျော် ပျက်စီးဆုံးရှုံး

ညောင်လေးပင်ခရိုင်အတွင်း ရေနစ်မြှုပ်၍ လယ်ဧကပေါင်း လေးသောင်းကျော် ပျက်စီးဆုံးရှုံး

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့်အသက်မွေးကြသူများပြားသော ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ညောင်လေးပင်ခရိုင်/ တပ်မဟာ(၃)နယ်မြေအတွင်း ပြီးခဲ့သည့်လပိုင်းက မိုးရွာသွန်းမှုများ၍ ရေကြီးရေလျှံမှုကြောင့် လယ်ဧကပေါင်း လေးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကေအဲန်ယူ-ဗဟိုက ဩဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ယခုနှစ် ဇူလိုင်-ဩဂုတ်လအကူးအပြောင်းတွင် တစ်နိုင်ငံလုံးအားဖြင့် မိုးရေချိန်များပြားခဲ့ရာ ညောင်လေး ပင်ခရိုင်ရှိစာရင်းများအရ လယ်ဧကပေါင်း (၆၁,၇၀၀)ရှိသည့်အနက် အများစုမှာ ရေနစ်မြှုပ်ပျက်စီးခဲ့ရပြီး စပါးလယ်ဧကပေါင်း (၄၆,၇၀၀) ဆုံးရှုံးခဲ့ရသည်ဟု KNU ဗဟိုကထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် ခရိုင်၏လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး စောဟဲဂေက ပြောဆိုထားခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိအချိန်ထိ ရေပြန်မကျသေးဘဲ ဆက်လက်နစ်မြှုပ်နေသည့် လယ်ဧကများရှိနေ သောကြောင့် ဆုံးရှုံးလယ်ဧကစာရင်း နောက်ထပ်တိုးလာနိုင်သလို လယ်မြေပိုင်ရှင်ပြည်သူများမှာလည်း အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း စောဟဲဂေက ဆက်လက်ပြောဆိုသည်။

ကျောက်ကြီးမြိုနယ်ရှိ စစ်ဘေးရှောင် လယ်ပိုင်ရှင်အမျိုးသားတစ်ဦးကလည်း “ရေကြီးတုန်းက ကျနော်တို့ မိသားစုစားဖို့ လှောင်ထားတဲ့ ဆန်တွေရေမြှုပ်တဲ့အထဲပါကုန်တယ်လေ။ ကောင်းသေးလား၊ မကောင်းသေးလား အခုထိဖွင့်တောင်မကြည့်ရသေးဘူး။ ရေမြှုပ်ထားတဲ့နေရာက ရေတော့ကျပြီ နုန်းတွေကျန်နေသေးတော့ ပြန်ပြောင်းလို့မရဘူး။ အခုနေရာမှာလည်း ပစ်တဲ့အသံတွေကြားနေရတော့ သတိလေးနဲ့ပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအနေဖြင့်လည်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့တွင် တိုက်ပွဲများဖြစ်ပွားစဥ်ကတည်းက (၇)လကျော်ကြာ လက်ရှိဘေးလွတ်ရာအရပ်တွင် စစ်ဘေးရှောင်နေရခြင်းဖြစ်ပြီး ယခုလိုရေဘေးနှင့်ထပ်မံတွေ့ကြုံရသည့်အတွက် စားနပ်ရိက္ခာပျက်စီးဆုံးရှုံးမှုအပြင်၊ နေရာအခက်အခဲနှင့် ဆက်သွယ်ရေးပြတ်တောက်မှုများကိုပါ တွေ့ကြုံနေရသည်ဟု သိရသည်။

ရေကြီးရေလျှံမှုအပြင် ရာသီဥတုမမှန်၍ စပါးပိုကြဲရသောကြောင့် စပါးစေ့လိုအပ်ချက်၊ လယ်မြေ ထွန်ယက်ရန် စက်သုံးဆီလိုအပ်ချက်များ ရှိနေသဖြင့် ခရိုင်တာဝန်ရှိသူများမှ ဗဟိုသို့ တင်ပြအကူအညီ တောင်းခံထားသလို အရပ်ဖက်အဖွဲ့များအနေဖြင့်လည်း ပူးပေါင်းကူညီပေးကြရန် ခရိုင် လယ်/စိုက်ဌာန၏တာဝန်ရှိသူက ရုပ်သံမှတ်တမ်းတွင် ထည့်သွင်းပြောဆိုသည်။

အာဏာသိမ်းပြီးနောက် ပဋိပက္ခပိုမိုပြင်းထန်လာသော ညောင်လေးပင်ခရိုင် လယ်ဒို( ကျောက်ကြီး)မြို့နယ်၊ မူး(မုန်း)မြို့နယ်၊ ဆောထိ(ရွှေကျင်)မြို့နယ် တို့တွင် ကေအဲန်ယူ-ဗဟိုက စာရင်းများအရ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း (၄၃၀,၀၀၀)ကျော်ရှိသည်။

ထို့အတူ ခရိုင်လယ်/စိုက်ဌာနက မြေပြင်ကွင်းဆင်းလေ့လာချက်များအရ အိမ်ခြေ ၄ သောင်းကျော်ရှိ လူဦးရေ ၂ သိန်းကျော်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုသာ အမှီပြုနေထိုင်ရသည့်အတွက် စစ်ဘေးအပြင် ယခုလို လယ်မြေ ရေနစ်မြှုပ်ဆုံးရှုံးမှုကြောင့် လာမည့်နှစ်များတွင် အငတ်ဘေးဒုက္ခနှင့်စားနပ်ရိက္ခာအခက်အခဲ ပိုမိုတိုးလာနိုင်ကြောင်း ခန့်မှန်းဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလပိုင်းက မိုးရွာသွန်းမှုများပြီး စစ်တောင်းမြစ်ရေမြင့်တက်၍ လယ်မြေများအတွင်းထိ ရေဝင်ရောက်မှုကြောင့် ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ လယ်ဧကပေါင်း (၂,၀၀၀)ခန့် ရေနစ်မြှုပ်ပျက်ဆီးခဲ့ရဖူးသည်။

လက်ရှိတွင်လည်း ညောင်လေးပင်ခရိုင်သာမက ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တောင်းမြစ်အနီးရှိ ကျေးရွာများတွင် ယမန်နေ့ညကစ၍ မြစ်ရေ ပြန်လည်တိုးလာသဖြင့် ဒေသခံများ ရေဘေးထပ်မံတွေ့ကြုံနေရပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသည်ဟု ဒေသတွင်းပရဟိတအဖွဲ့အချို့ထံမှ သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...