တိုက်ပွဲကာလ ရခိုင်တွင် မသန်စွမ်းသူ ၅၀၀ ခန့်ထိ တိုးလာ

တိုက်ပွဲကာလ ရခိုင်တွင် မသန်စွမ်းသူ ၅၀၀ ခန့်ထိ တိုးလာ

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၉ လကျော်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်များတွင် အရပ်သားပြည်သူ ၅၀၀ ခန့်အထိ မသန်စွမ်းဖြစ်သွားရကြောင်း ရခိုင်ပြည်နယ် မသန်စွမ်းသူများအဖွဲ့၏ စာရင်းအရ သိရသည်။

စာရင်းအရ မြောက်ဦးမြို့နယ်တွင် ၂၃၀ ဦး၊ မင်းပြားမြို့နယ်တွင် ၁၂၉ ဦး၊ ကျောက်တော်မြို့နယ်တွင် ၉၀ ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ၄၇ ဦး စုစုပေါင်း ၄၉၆ ဦးရှိသည်။ (ယခုစာရင်းမှာ ရခိုင်ပြည်နယ် မသန်စွမ်းသူများအဖွဲ့မှ လက်လှမ်းမီသလောက် ကောက်ယူထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်သည်။)

“မသန်စွမ်းသူထဲမှာ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်သူတွေ အများဆုံးပါတယ်။ နောက် အကြား၊ အမြင် မသန်စွမ်း အနည်းငယ်ပါတယ်။ ပြီးတော့ ကိုယ်ခန္ဓာမီးလောင်မှုကြောင့် မသန်စွမ်းသူတွေလည်း ပါတယ်” ဟု ရခိုင်ပြည်နယ် မသန်စွမ်းသူများအဖွဲ့မှ အထွေထွေအတွင်းရေးမှူး မထွေးမေက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှု၊ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်မှုနှင့် မီးရှို့ခံရမှုတို့ကြောင့် ကိုယ်လက်အင်္ဂါ၊ အကြား၊ အမြင်ချွတ်ယွင်းကာ မသန်စွမ်းဖြစ်သွားရခြင်း ဖြစ်သည်။

ရခိုင်က အခြားမြို့နယ်များတွင်လည်း တိုက်ပွဲကာလ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ အများအပြားရှိနေပြီး စာရင်းကောက်ယူရန် ဖုန်း၊ အင်တာနက်လိုင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိနေကြောင်း ပြောသည်။

မိုင်းနင်းမိမှုကြောင့် မသန်စွမ်းဖြစ်သွားရသော ကျောက်တော်မြို့နယ်မှ အမျိုးသားတစ်ဦးက “အလုပ်လည်းမရှိဘူး။ ကိုယ်တိုင်ကလည်း အလုပ်မလုပ်နိုင်တော့ဘူး။ မိဘဆီကပဲ အားကိုးပြီး စားသောက်နေရတယ်။ အကူအညီတစ်ခုခု ရမလားဆိုတဲ့စိတ်နဲ့ အကုန်လုံးကို အားကိုးနေရတယ်” ဟု ပြောသည်။

စစ်ရေးပဋိက္ခကြား မသန်စွမ်းဖြစ်သွားရသူများမှာ အစစအရာရာတွင် အခက်အခဲများစွာနှင့် ကြုံနေကြရပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုများစွာ ရှိနေသည်။ ကူညီထောက်ပံ့မှုလည်း မရရှိသဖြင့် အဆမတန် မြင့်တက်နေသော ကုန်ဈေးနှုန်းကြားမှာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရသည်။

ရမ်းဗြဲမြို့နယ်မှ မသန်စွမ်းအမျိုးသမီးတစ်ဦးက “ဒီကာလမှာ ဘာထောက်ပံ့မှုမှ မရှိတော့ အကုန်လုံးခက်ခဲတယ်။ တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းဖို့လည်း ကိုယ်တစ်ယောက်တည်းနဲ့ အဆင်မပြေဘူး။ အကူလူလိုတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာကျဆင်း၊ ရုပ်ပိုင်းဆိုင်ရာလည်း ကျဆင်းတော့ သာမန်လူထက် ပိုပြီး စိတ်ထိခိုက်ရပါတယ်” ဟု ပြောသည်။

စစ်ရေးကာလအတွင်း ကူညီထောက်ပံ့မှုများ မရရှိသဖြင့် မသန်စွမ်းသူများ ဘဝရပ်တည်ရေးမှာ ပိုမိုအခက်ကြုံရပြီး၊ စိတ်ပိုင်ဆိုင်းရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုများပေးကာ အလေးထားဆောင်ရွက်သင့်ကြောင်း ထောက်ပြမှုများ ရှိနေသည်။

လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “ဒီမသန်စွမ်းသူတွေရဲ့ အရေးကိုလည်း ပစ်ပယ်ထားလို့ မရဘူး။ သူတို့အတွက် ထည့်ပြီးစဉ်းစားရမယ်။ အခုချိန်မှာ တတ်နိုင်တဲ့ဘက်က ကူညီပေးရမယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မကျဆင်းအောင် လုပ်ဆောင်ပေးရမယ်။ မိသားစုတွေကလည်း ငြိုငြင်မှုမရှိဘဲ နားလည်ဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

၂၀၁၉ ကြားဖြတ် သန်းခေါင်းစာရင်းအရ ရခိုင်ပြည်တွင် မသန်စွမ်းသူဦးရေ ၅ သိန်းကျော်အထိရှိပြီး စစ်ရေးပဋိပက္ခအတွင်း မသန်စွမ်းသူဦးရေ ဆက်လက်တိုးများလာနေခြင်း ဖြစ်သည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...