တောင်ကုတ် မိုးပညာဒါနကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တောင်ကုတ် မိုးပညာဒါနကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ရွှေကွမ်းစမ်းကျေးရွာအနီးရှိ မိုးပညာဒါနသင်တန်းကျောင်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်ဒေသခံများ ပြောပြချက်အရ ယနေ့(ဩဂုတ် ၁၆) နံနက် ၃ နာရီကျော်ခန့်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၅ လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက်ပိုင်း မိုးတောင်မလင်းသေးဘူး ဝဲပြီးတော့ ကြဲချသွားတာ။ မိုးပညာဒါနကျောင်းထဲကို ၂ လုံးကျပြီး၊ အနီးပတ်ဝန်းကျင်မှာ ၃ သုံးကျတယ်။ လူအထိအခိုက်တော့ အတိအကျမသိရသေးဘူး” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

မိုးပညာဒါနကျောင်းသည် တောင်ကုတ်မြို့ မြောက်ဘက် ၉ မိုင်ခန့်အကွာတွင် တည်ရှိသည်။ အဆိုပါကျောင်းတွင် ငွေကြေးမတတ်နိုင်သည့် လူငယ်များအား ကွန်ပြူတာ၊ အခြေခံအင်္ဂလိပ်စကားပြော၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေး ပညာများကို သင်ကြားပို့ချပေးလျက်ရှိသည်။

ဗုံးကြဲသည့်အချိန်တွင် ကျောင်းအတွင်း ကျောင်းသားလူငယ် ၁၀ ကျော် ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် တောင်ကုတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းသည် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံများက ပြောကြသည်။

“တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ သက်သက်မဲ့ ဒေသခံတွေထိခိုက်အောင် လာတိုက်ခိုက်တာ။ စစ်ကောင်စီအနေနဲ့ အခုလို ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေသ၍ အမြဲတမ်းရှုံးနေမှာပါ။ ပြည်သူ အားမပေးတဲ့အဖွဲ့က ရှုံးရတာပဲလေ” ဟု တောင်ကုတ်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၅ ရက်၊ နံနက် ၄ နာရီခန့်ကလည်း တောင်ကုတ်မြို့နယ် ဆားပြင်နှင့် ကမာကျေးရွာကြားရှိ အောင်မင်္ဂလာကျေးရွာအနီး တောင်တန်းများကို  Y-12 လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ကြောင်းနှင့် လူအထိအခိုက် မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်ကလည်း တောင်ကုတ်၊ ကံဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး သေဆုံးသွားခဲ့ရသည်။

တောင်ကုတ်မြို့နယ်တွင် ဇွန်လ ၁၅ ရက်က စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေသည်။ သို့သော်လည်း စစ်ကောင်စီတပ်စခန်းများမှ နေ့စဉ် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် တောင်ကုတ်မြို့ပေါ်တွင်လည်း အခိုင်အမာနေရာယူ၍ ခံစစ်ပြင်ဆင်ထားသည်။

လက်ရှိတွင် တောင်ကုတ်မြို့ပတ်လည်ကို AA က ပိတ်ဆို့ထားပြီး နှစ်ဘက်စစ်ရေးတင်းမာနေကာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေသဖြင့် တောင်ကုတ်ဒေသခံများမှာ စိုးရိမ်နေကြရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...