တောင်ကုတ်မြို့ သမိုင်းဝင် သည်းခံတောင်ဘုရားတွင် စစ်ကောင်စီက လက်နက်ကြီးတပ်တစ်ခု ထပ်တိုးကာ ခံစစ်ပြင်ဆင်

တောင်ကုတ်မြို့ သမိုင်းဝင် သည်းခံတောင်ဘုရားတွင် စစ်ကောင်စီက လက်နက်ကြီးတပ်တစ်ခု ထပ်တိုးကာ ခံစစ်ပြင်ဆင်

ရခိုင်ပြည်၊ တောင်ကုတ်မြို့သမိုင်းဝင် သည်းခံတောင်ဘုရား တောင်ပေါ်တွင် စစ်ကောင်စီက လက်နက်ကြီးတပ်တစ်ခုထပ်တိုးပြီး ခံစစ်ပြင်ဆင်နေသည်ဟု သိရသည်။

တောင်ကုတ်မြို့၊ ဝဲကြီးကျေးရွာနှင့် ကပ်လျက်တည်ရှိသည့် သည်းခံတောင်ဘုရားပေါ်တွင် ယနေ့ ဩဂုတ်လ ၉ ရက်တွင်  စစ်ကောင်စီကလက်နက်ကြီးတပ်တစ်ခုကို စခန်းချပြီး ခံစစ်ပြင်ဆင်လိုက်ကြောင်း မြို့ခံများက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက "သည်းခံတောင်ဘုရားမှာ စစ်ကောင်စီက လက်နက်ကြီးတွေချပြီးတပ်စွဲလိုက်ပြီ။ အခုဆိုတစ်မြို့လုံးပတ်လည်လိုလို လက်နက်ကြီး တပ်တွေချည်းပဲ။ စစ်တပ်က တိုက်ပွဲမဖြစ်ဘဲလည်း မထင်ရင်မထင်သလို လက်နက်ကြီး ပစ်တာတွေလုပ်နေတော့ စိုးရိမ်ရတယ်" ဟု ပြောသည်။

ယခုလက်နက်ကြီးတပ်ဖွဲ့စည်းသည့် သည်းခံတောင်ဘုရားတောင်ကုန်းသည် တောင်ကုတ်မြို့ ရေကြောင်းထွက်ပေါက်အရ အရေးပါသလို ဝဲကြီး၊ နတ်မော်၊တောင်ရွာ၊ သလိန်ပြင်နှင့် တောင်ကုတ်မြို့တွင်းနေရာများသို့အပေါ်စီးမှလှမ်းမြင်နေရသည့်နေရာတစ်ခုဖြစ်သည်။

နောက်ထပ်တောင်ကုတ်မြို့ခံအမျိုးသမီးတစ်ဦးကလည်း "သည်းခံတောင်မှာ စစ်တပ်က လာပြီးတော့လက်နက်ကြီးတွေ အထိုင်ချလိုက်ပြန်ပြီလို့ပြောနေကြတယ်။ မြို့က ရှောင်ဖို့ကလည်း စစ်တပ်ကသွားခွင့်မပေးတာက တမျိုး။ လမ်းစရိတ်မတတ်နိုင်လို့ မသွားနိုင်တဲ့သူတွေက တမျိုးနဲ့။ အရမ်းဒုက္ခရောက်နေကြရပြီ"ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီတပ်သည် တောင်ကုတ်မြို့၊ လေးဘက်လေးတန်ရှိ လမ်းပိုင်းနေရာများကို ပိတ်ဆို့ထားပြီး မထင်လျှင်မထင်သလို ဖမ်းဆီးမှုများပြုလုပ်နေ၍ စစ်ဘေးရှောင်မည့် မြို့ခံများမှာ မြို့ပေါ်ကမထွက်နိုင်ဘဲ လူသားဒိုင်းကာအဖြစ်ရှိနေကြခြင်းဖြစ်သည်။

အလားတူ ဆင်းရဲချို့တဲ့သည့် မြို့ခံပြည်သူများမှာ စစ်ဘေးရှောင်ရန် ခရီးစရိတ်မတတ်နိုင်၍ အသက်အန္တရာယ်ကြုံလာနိုင်သော မြို့ထဲတွင်သာ ကုပ်ကပ်နေထိုင်နေကြရကြောင်း နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

သံတွဲမြို့နယ်မှ လက်ကျန်ကွင်းဝိုင်းရေတပ်စခန်းကိုထိုးစစ်ဆင်နေသည့် အာရက္ခတပ်တော်က သံတွဲအနီးရှိ ဂွမြို့နှင့် စကခ(၅)အခြေစိုက် တောင်ကုတ်တို့ကိုလည်း ထိုးစစ်ဆင်သွားမည်ဟု ဩဂုတ်လ ၁ ရက်ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ကမူ ယခုဩဂုတ်လဆန်းမှစတင်၍ တောင်ကုတ်မြို့ရှိ တပ်ရင်းစခန်းများမှ လက်နက်ကြီးငယ်ပစ်ခတ်မှုများဆက်တိုက်လုပ်ဆောင်နေပြီး စစ်ကောင်စီ တိုက်လေယာဥ် များမှာလည်း ယခုရက်ပိုင်းမြို့ပေါ်တွင် ဝဲပျံကင်းထောက်မှုများ ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြို့ခံများကပြောသည်။

April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...
March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...