စစ်ရှိန်မြင့်နေသည့် ရခိုင်တွင် ဇူလိုင်လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

စစ်ရှိန်မြင့်နေသည့် ရခိုင်တွင် ဇူလိုင်လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများနှင့်အတူ စစ်ရေးအရှိန်မြင့်နေသည့် ရခိုင်ဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၅၆ ဦးသေဆုံးပြီး ၄၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း DMG စာရင်းအရ သိရသည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုနှင့် မြေမြှုပ်မိုင်းတို့ကြောင့် ထိခိုက်သေဆုံးသွားခြင်းဖြစ်သည်။ DMG က လက်လှမ်းမီသလောက် ကောက်ယူထားခြင်းဖြစ်၍ မြေပြင်တွင် ယင်းဦးရေထက် ပိုများနိုင်ပါသည်။

သေဆုံးခဲ့သူများမှာ သံတွဲမြို့နယ်တွင် ၁၃ ဦး၊ မောင်တော ၁၈ ဦး၊ ဘူးသီးတောင် ၁၄ ဦး၊ စစ်တွေ ၂ ဦး၊ ပုဏ္ဏားကျွန်း ၃ ဦးနှင့် မင်းပြား ၂ ဦး၊ ကျောက်ဖြူ ၃ ဦးအပြင် ဂွမြို့နယ်တွင် ၁ ဦးဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ သံတွဲမြို့နယ်တွင် ၁၂ ဦး၊ မောင်တော ၂၅ ဦး၊ စစ်တွေ ၁ ဦး၊ ပုဏ္ဏားကျွန်း ၄ ဦးနှင့် မင်းပြား ၁ ဦး၊ ကျောက်ဖြူ ၁ ဦး၊ တောင်ကုတ် ၃ ဦး၊ ဂွမြို့နယ်တွင် ၁ ဦး ဖြစ်သည်။

“ရခိုင်မှာ အရပ်သားထိခိုက်သေဆုံးမှုက လစဉ် ရာဂဏန်းအောက်မလျော့ဘဲ ရှိနေတာကိုတွေ့ရတယ်။ အဓိကတော့ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုပိုများတယ်။ စစ်ကောင်စီက မထူးဇာတ်ခင်းနေတာဆိုတော့ ပစ်ခတ်မှုကဆက်ရှိနေမှာပဲ။ ပြည်သူတွေအနေနဲ့ကတော့ ဘေးကင်းလုံခြုံမယ့်နေရာတွေကို ဖန်တီးပြီးနေထိုင်ဖို့ အရေးကြီးတယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

လက်ရှိတွင် မောင်တော၊ သံတွဲမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး၊ ဇူလိုင်လအတွင်း အရပ်သားထိခိုက်သေဆုံးမှုမှာလည်း ထိုမြို့နယ်များ၌ အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။

ယင်းအပြင် စစ်ရေးပြင်းထန်နေသောဒေသများနှင့် AA ထိန်းချုပ်ဒေသများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့်လည်း အရပ်သားထိခိုက်သေဆုံးမှု တိုးလာနေသည်။

“ဒေသခံတွေဟာ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်အန္တရာယ်နဲ့ပတ်သက်လို့ သိနားလည်မှု အားနည်းနေသေးတယ်။ အသိပညာပေးမှုတွေကို တွင်ကျယ်အောင်လုပ်ဖို့ လိုအပ်တယ်။ အထူးသဖြင့် အခု အေအေထိန်းချုပ်နယ်မြေတွေမှာ လုပ်ဖို့လိုတယ်။ အေအေဖက်ကလည်း စစ်ရေးကာလဖြစ်နေလို့ မလုပ်နိုင်သေးတာကို တွေ့ရတယ်” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကလည်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုနှင့် မြေမြှုပ်မိုင်းတို့ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁၃၆ ဦးထိရှိခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှစတင်ခဲ့သည့် ရခိုင်တိုက်ပွဲမှာ ၈ လကျော်ထိကြာမြင့်လာပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာလည်း လစဉ်တိုးလျက်ရှိနေသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...