စစ်ဘေးကြောင့် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့ ကလေးမြို့နယ် အနောက်မြောက်ပိုင်းက ကျေးရွာတွေမှာကောက်စိုက်နိုင်သူ နည်းပါး

စစ်ဘေးကြောင့် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့ ကလေးမြို့နယ် အနောက်မြောက်ပိုင်းက ကျေးရွာတွေမှာကောက်စိုက်နိုင်သူ နည်းပါး

ကလေးလွင်ပြင်ရဲ့ မိုးရာသီကောက်စိုက် ကာလ ကုန်လွန် တော့မည် ဖြစ်သော်လည်းစစ်ဘေး ကြောင့် ရွာလုံးကျွတ် နီးပါး မီးရှို့ခံရတဲ့ ကလေးမြို့နယ် အနောက်မြောက် ကျေးရွာတွေမှာ ထွန်ယှက်ပြီးကောက်စိုက်တဲ့ လယ်မြေ အရေအတွက် အလွန် နည်းပါး နေဆဲ ဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ဦးဆောင်သူ ပြည်တော်သာရွာသား တစ်ဦးက Chin World Media ကို ပြောပြပါတယ်။

စစ်ဘေး ကြုံရသည့် ကလေးမြို့နယ် အနောက်မြောက် ဒေသရှိ ရွာတွေ အနေဖြင့် လယ်မြေ အားလုံး၏ ၂၀ ရာခိုင်နှုန်းတောင် စိုက်ပျိုး နိုင်ခြင်း မရှိကြောင်း၊ ကောက်စိုက်ကြသူတွေ အနေနဲ့လည်း ကောင်းမွန်စွာ ‌စိုက်ပျိုး နိုင်ခြင်း မရှိဘဲ ကောက်ခြောက် သာ စိုက်နေရ ကြောင်း၊ လယ်ထဲတွင် အလုပ် လုပ်ခဲ့ရသော်လည်း လက်နက်ကြီး နှင့် ဗုံးကို ကြောက်ရသည့် အတွက် စိတ်ရှိ လက်ရှိ မလုပ် နိုင် ကြကြောင်း အဆိုပါ ရွာသား ဆီကနေ ကြားသိ ခဲ့ရပါတယ်။

"လက်ရှိ ကောက်စိုက်တဲ့ သူတွေ က ကောက်ခြောက် ပဲ စိုက်ကြတာများတယ်။ ကောက်ခြောက် စိုက်တယ် ဆိုတာက မျိုးစပါးကို ‌ကောက်ပင် ဖြစ်အောင် အရင်ပျိုး ပြီးမှ ထယ်ထိုး၊ ထွန်ကို ညှက်အောင် ယှက်ပြီးမှ ကောက် စိုက်တာမျိုး မဟုတ်ဘူး။ ပေါင်းပင်တွေကို လဲသွားအောင် ထွန်ယှက်ပြီး မျိုး စပါးကို ကြဲ ချ စိုက်ပျိုး တာကို ခေါ် တာပါ။ အဆင်ပြေမလား ဆိုတာတော့ စောင့်ကြည့် ရမှာပေါ့" လို့ လက်ရှိ လယ်စိုက်နေရတဲ့ပုံစံကို အဆိုပါရွာသားက ပြောပါတယ်။

ယင်းရွာများ အနေဖြင့် သိုလှောင်ထားသော စပါးများ နှင့် မျိုးစပါးများ ပါ ပြာကျ သွားသည့် အတွက် စိုက်ပျိုးဖို့ ရော၊ စားသောက်ဖို့ပါ ပြတ်လပ် နေခဲ့ရသည့် အခြေအနေများ ကြုံတွေ့ရကြောင်း၊ လာမယ့် ကောက်ရိတ် ရာသီတွင် အ ငတ်ဘေးဆိုက်သွားမှာကို စိုးရိမ် မိကြောင်း၊ လက်ရှိ စိုက်ပျိုး မှု ပမာဏသည် ဒေသခံတွေရဲ့ ရိက္ခာ လိုအပ်ချက်ကို ဘယ်လိုမှ ဖြည့်ဆည်း နိုင်မည် မဟုတ်ကြောင်း ဆက်လက် ရှင်းပြခဲ့ပါတယ်။

"ပြည်တော်သာ ရွာမှာ လယ်ဧက ၁၀၀၀ ကျော် ရှိတယ်။ အခု စိုက်နေတာက ဧက ၂၀၀ လောက်ပဲ ရှိမယ်။ ပျဉ်းခုံကြီး နဲ့ ပြည်တော်သာ ကြား လမ်းမ ဘေး နှစ်ဖက်ဆို ဘယ်သူမှ ကောက် မစိုက်ရဲ ကြဘူး။ ဒီတိုင်းပဲ ထားထားတာ တွေ့ရတယ်" လို့လည်း အဆိုပါ ရွာသားက စိုက်ပျိုးမှု အခြေအနေကို ဆက်လက် ရှင်းပြခဲ့ပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ကနေ စစ်ကောင်စီတပ်ရဲ့ ကလေးမြို့နယ် အနောက်မြောက် ဒေသ ထိုးစစ်ကြောင့် ဆည်ကြီး၊ မော်စီ၊ ပျဉ်းခုံကြီး၊ ဟံသာ၊ ယောက်ချိုကွင်း၊ ငှက်ပျောတော၊ မိုင်နွဲ၊ ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်း အစ ရှိသော ကျေးရွာများမှ နေအိမ် ၂၀၀၀ ကျော် မီးလောင် ပြာကျ ခဲ့ပြီး ထောင်ပေါင်းများစွာသော ဒေသခံများဟာ စစ်ရှောင် ထွက်ပြေး ခဲ့ရပါတယ်။

May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းယောဒေသနဲ့ ပုံတောင်ပုံညာမှာ  စစ်ကောင်စီတပ်အင်အား ၁,၀၀၀...
May 25, 2026
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/ CPA ) အဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်...
May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...
May 22, 2026
နေရပ်ပြန်မယ့် ဖလမ်းမြို့ ဒေသခံတွေအတွက် ဖလမ်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က...