နိုင်ငံခြားတွင် အလုပ်လုပ်သူများ၏ နေအိမ်များကို သိန်းဆယ်ချီ၍ ငွေကောက်ခံ

နိုင်ငံခြားတွင် အလုပ်လုပ်သူများ၏ နေအိမ်များကို သိန်းဆယ်ချီ၍ ငွေကောက်ခံ

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA က နိုင်ငံခြားတွင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် နေအိမ်များကို ငွေကျပ် သိန်းဆယ်ချီ ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ကျေးရွာလုံခြုံရေး အကြောင်းပြပြီး ငွေကျပ်သိန်းဆယ်ချီ ကောက်ခံနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ဆီဆိုင်မြို့နယ်၊ ဘုရားဖြူကျေးရွာတွင် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား လကုန် နောက်ဆုံးထား၍ ကောက်ခံထားခိုင်းသည်ဟု ဆိုသည်။

အစည်းဝေး တက်ရောက်ခဲ့သူ တစ်ဦးက “အစည်းအဝေးသာ ပြောတယ်။ ရွာသားတွေရဲ့ အခက်အခဲလည်း တင် ပြလို့ မရဘူး။ သူတို့ပြောချင်တာ ပြောပြီး ပြန်တာပဲ။ အစည်းအဝေးနဲ့ မတူဘူး၊ ဓါးပြ တိုက်နေသလိုပဲ” ဟု ပြောသည်။

PNA အဖွဲ့က နိုင်ငံခြားတွင် သွားရောက် အလုပ် လုပ်ကိုင်သည့် နေအိမ်များကို ကျပ် ၁၀ သိန်း၊ အသက် ၆၀ ကျော် အမျိုးသားများသာ ကျန်ရှိတော့သည့် နေအိမ်များကို ကျပ် ၅ သိန်းနှင့် အမျိုးသမီး သီးသန့်သာ ကျန် ရှိတော့သည့် နေအိမ်များကို ကျပ် ၃ သိန်း အသီးသီး သတ်မှတ်၍ ကောက်ခံနေခြင်း ဖြစ်သည်။

ငွေကြေးမထည့်ဝင်နိုင်သည့် နေအိမ်များအား စစ်မှုထမ်း ခေါ်ယူသွားမည် ဖြစ်ပြီး စစ်မှုထမ်းရန် အမျိုးသား မရှိ သည့် နေအိမ်များအား လူစားထိုးစရိတ်အဖြစ် ငွေကျပ် သိန်း ၁၀၀ ကျော် အရစ်ကျ ကောက်ခံသွားမည်ဟု ဆိုကြသည်။

ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် ဘုရားဖြူ ရွာခံတစ်ဦးက “နိုင်ငံခြားမှာ နေရတာ နေစရိတ်စား စရိတ် မလွယ်ဘူး။ တရားဝင်ဖို့လည်း ကုန်ရသေးတယ်။ ဒီကြားထဲ သူတို့က နိုင်ငံခြားရောက်တဲ့သူတွေပဲ ဖိကောက်နေတော့ ကျမတို့မှာ တော်လှန်ရေးပွဲလည်း ထည့်ရ၊ PNO လည်းထည့်ရနဲ့ အိမ်အတွက် မကျန်တော့ ဘူး” ဟု ပြောသည်။

ယခင်ကလည်း တစ်နှစ်စာ စစ်အသုံးစရိတ်ဟု ဆိုကာ PNA အဖွဲ့က ငွေကျပ်သိန်းချီ ကောက်ခံခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင်လည်း တစ်နှစ်စာဟု ထပ်မံပြောဆိုခဲ့သောကြောင့် ဒေသခံများအနေဖြင့် အယုံကြည်မရှိဘူးဟု ဆိုသည်။

ဆီဆိုင်မြို့တွင် တိုက်ပွဲများ ငြိမ်သက်ပြီးနောက် ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်များတွင် စစ်ကောင်စီတပ်၊ PNA ပူးပေါင်းတပ်များနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တပ်တို့ အကြား ထိတွေ့တိုက်ပွဲ များ နေ့စဉ် ဖြစ်ပွားလျက် ရှိသည်။

Most read this week

February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...
January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...
January 29, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတရွာကို စစ်ကော်မရှင် စစ်ကြောင်းက...