သံတွဲတိုက်ပွဲကာလ အရပ်သား ၄၀ ကျော် မိသားစုနှင့် အဆက်အသွယ်ပြတ်နေ

သံတွဲတိုက်ပွဲကာလ အရပ်သား ၄၀ ကျော် မိသားစုနှင့် အဆက်အသွယ်ပြတ်နေ

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် တိုက်ပွဲကာလ မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် အရပ်သား ၄၅ ဦးအထိရှိကြောင်း ဒေသအခြေစိုက် Lay Waddy FM ၏ “စစ်ပွဲအတွင်းမှာ ပျောက်ဆုံးသူများ ကူရှာပေးရေးအစီအစဉ်” တွင် ဖော်ပြချက်အရ သိရသည်။

သံတွဲမြို့နယ်၊ ငပလီမြို့အနီးတွင် ဇွန်လဆန်းကပင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြောင့် ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ တချို့မှာ အိမ်စောင့်အဖြစ် ကျန်ရှိခဲ့ကြပြီး မိသားစုဝင်များနှင့်  ယနေ့တိုင် အဆက်သွယ်ပြတ်တောက်နေသည်။

မိသားစုနှင့် အဆက်အသွယ်ပြတ်နေသူများတွင် သံတွဲမြို့နှင့် ငပလီမြို့မှ အများဆုံးပါဝင်ကြပြီး အမျိုးသား ၁၈ ယောက်၊ အမျိုးသမီး ၁၇ ယောက်၊ ကလေး ၃ ဦးနှင့် နောက်ထပ် ကျား၊မ ခွဲမရသေးသူ ၇ ဦးရှိကြောင်း သိရသည်။

“အဖေနဲ့ အစ်ကိုကို ဆက်သွယ်လို့မရတာ တစ်ပတ်လောက်ရှိပြီ။ သံတွဲမှာ ဖုန်းလိုင်းလည်း ပြတ်တောက်သွားတော့ ဘယ်ကိုရောက်နေမှန်းလည်း မသိရဘူး။ မြို့ကနေထွက်ဖို့ ကားစီစဉ်နေတာလောက်ပဲ နောက်ဆုံးသိထားရတာ။ ဘေးလွတ်ရာကို ရွှေ့ပြောင်းထားတာပဲဖြစ်ဖြစ်၊ တခြားကို ရောက်နေတာပဲဖြစ်ဖြစ် ဘယ်မှာရှိနေလဲဆိုတာသိရရင် တစ်ချက်လောက် ကူညီပေးစေချင်တယ်” ဟု သံတွဲမြို့ခံ ဦးစောရွှေမောင်၏ သမီးဖြစ်သူက ပြောသည်။

စစ်ကောင်စီသည် သံတွဲမြို့ နန်းတော်တောင်ပေါ်ရှိ ဆက်သွယ်ရေးတာဝါတိုင်ကို လေကြောင်းပစ်ခတ်ခဲ့၍ ဇူလိုင်လ ၁၃ ရက်မှစ၍ မြို့နှင့်အနီးတဝိုက်တွင် ဖုန်းလိုင်းပြတ်တောက်လျက်ရှိသည်။

သံတွဲမြို့သိမ်းတိုက်ပွဲအတွင်း ပိတ်မိနေသည့် မြို့ခံ ၄၀၀ ကျော်ကို အာရက္ခတပ်တော်(AA) က ဘေးလွတ်ရာသို့ ရွေ့ပြောင်းထားသည်ဟုလည်း သိရသည်။

သံတွဲမြို့နယ်က လူမှုရေးလှုပ်ရှားသူတစ်ဦးက “မြို့မှာကျန်ခဲ့ကြသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားတော့ မိသားစုဝင်တွေက စိုးရိမ်နေကြတာ။ AA ကလည်း ကယ်ထုတ်ထားတာရှိတယ်ဆိုတော့ အဆက်အသွယ်ပြတ်နေသူ အများစုက အဲဒီမှာလည်း ရှိနိုင်တယ်” ဟု ပြောသည်။

လက်ရှိတွင် သံတွဲမြို့ကို AA က အပြည့်အဝထိန်းချုပ်ထားပြီး စစ်ကောင်စီက မောင်ရွှေလေးရေတပ်နှင့် ငပလီကမ်းခြေ ဂျိတ္တောရပ်ကွက်တွင် ခံစစ်ပြင်ဆင်ထားသဖြင့် ယင်းနေရာအနီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။

သံတွဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်းမှာ ၃ လအထိကြာမြင့်လာပြီး နေရပ်စွန်ခွာနေရသူ ၅ သောင်းကျော်ခန့် ရှိသည်ဟု သိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...