ရေးချောင်းဖျားဒေသတွင် ငှက်ဖျားဖြစ်ပွားမှု ၈၀ ရာခိုင်နှုန်းကျော်ရှိ

ရေးချောင်းဖျားဒေသတွင် ငှက်ဖျားဖြစ်ပွားမှု ၈၀ ရာခိုင်နှုန်းကျော်ရှိ

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ရေချောင်းဖျားဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၈၀ ရာခိုင်နှုန်းကျော်ခန့်အထိ မြင့်တက်နေသည်ဟု မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားကျန်းမာရေးကော်မတီထံမှ သိရသည်။

ရေချောင်းဖျားဒေသတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀ ရာခိုင်နှုန်းခန့်သာရှိခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၈၀ ရာခိုင်နှုန်းကျော် ၉၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာကြောင်း  ဇွန်လတစ်လအတွင်မှားပင် ငှက်ဖျားဖြစ်ပွားသူ ၂၀၀ ခန့်ထိ ရှိသည်ဟု မွန်အမျိုးသားကျန်းမာရေးကော်မတီရှိ စာရင်းများအရ သိရသည်။

ငှက်ဖျားရောဂါသည် ရေးချောင်းဖျားဒေသမှာသာမက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသ ရေဖြူမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင်လည်း အဖြစ်များနေသည်ဟု ဆိုသည်။

“ ငှက်ဖျားရောဂါက ဒီနှစ်ကပိုများလာတယ်။ ‌ရေဖြူမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရေချောင်းဖျားဒေသ ဒီသုံးနေရာက အခုဆို ငှက်ဖျားဖြစ်သူ ၂၅၀၀ ကျော်လောက်ရှိတယ်။ တစ်လနဲ့ တစ်လက ပိုပိုများလာတယ်” ဟု မွန်အမျိုးသားကျန်းမာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ငှက်ဖျားသည် မိုးဦးကာလဖြစ်သည့် ဧပြီ၊ မေ၊ ဇွန်လ တို့တွင် စတင်ဖြစ်ပွားလေ့ရှိပြီး မိုးတွင်းကာလဖြစ်သည့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတို့တွင် ငှက်ဖျားအဖြစ်များလေ့ရှိသည်ဟု ကျန်းမာရေးဝန်ထမ်းတို့ထံမှ သိရသည်။

ငှက်ဖျားဖြစ်ပွားသူများလာရခြင်းအကြောင်းအရင်းများထဲတွင် နယ်မြေမတည်ငြိမ်မှုကြောင့် မွန်ပြည်သစ်ပါတီ ရေးချောင်းဖျားဒေသအတွင်း ပြောင်းရွှေ့နေထိုင်သူ များလာခြင်း၊ ရာသီဥတုကြောင့်နှင့် မြစ်ချောင်း၊ တောတောင်တွင် ခြင်ထောင်မရှိပဲ နေနေကြခြင်းတို့ကြောင့်ဟု ဆိုသည်။

“ အချိူ့က မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထားတဲ့နယ်မြေမှာ နေထိုင်ရင် ပိုလုံခြုံတယ် ထင်ပြီးတော့ လာရောက်နေတဲ့လူတွေ ပိုများလာတယ်။ နောက်ပြီးမိုးတွင်းမှာ ခြံလုပ်ဖို့ တောထဲမှာ နေကြတယ်။ ကိုယ့်ဒေသအနေအထားက ခြင်တွေ ကြိုက်တဲ့နေရာဖြစ်နေတဲ့အတွက်ကြောင့်လဲ ပါတယ်။ ချောင်းရေတို့ မြစ်ရေတို့ ခြုံပုတ်တို့ပေါတယ်။ ထိန်းချုပ်ဖို့လည်း ခတ်တယ်။ အဲလိုအနေအထားရှိတယ်” ဟု မွန်အမျိုးသားကျန်းမာရေးကော်မတီမှ ဆရာဝန်တစ်ဦးက ပြောသည်။

ငှက်ဖျားရောဂါဖြစ်ပွားမှုများလာခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်  ဆေးဝါးလုံလောက်မှုမရှိသည့် အခက်အခဲရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ငှက်ဖျားကို ကုသခြင်းအပြင် ကာကွယ်ခြင်းနှင့် ပညာပေးအစီအစဉ်များကိုလည်း မွန်အမျိုးသားကျန်းမာရေးကော်မတီက လုပ်ဆောင်နေသည်လည်း ရှိနေသည်။

မွန်ပြည်နယ်သည် ငှက်ဖျားရောဂါအဖြစ်များသည့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့နှင့် နယ်မြေထိစပ်နေခြင်းနှင့် ဝေးလန်ခေါင်ဖျားပြီး ကျန်းမာရေးဌာနက လက်လှမ်းမမီသည့် နေရာတို့တွင် အဖြစ်များသည်။

July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...
July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...