ကော့ကရိတ်ဒေသခံ ကလေးငယ်(၂)ဦး စစ်လက်နက်အကြွင်းအကျန် ဆော့ကိုင်ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရ

ကော့ကရိတ်ဒေသခံ ကလေးငယ်(၂)ဦး စစ်လက်နက်အကြွင်းအကျန် ဆော့ကိုင်ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်နေ ကလေးငယ်(၂)ဦး ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက်နေ့က မပေါက်ကွဲသေးဘဲမြေတွင် ကျန်ရှိနေသော လက်နက်ကြီး အပိုင်းအစအား ဆော့ကိုင်ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကော့ကရိတ်မြို့ခံများ က ပြောသည်။

ထိုနေ့ နံနက်ပိုင်းက တစ်ရပ်ကွက်တည်းအတူနေထိုင်သည့် အသက်(၁၁)နှစ်အရွယ် ယောက်ျားလေး(၂)ဦးမှာ တိုက်ပွဲဖြစ်ပွားခဲ့စဉ်က မပေါက်ကွဲသေးသော စစ်လက်နက်အကြွင်းအကျန် လက်နက်ကြီးအပိုင်းအစအား ထိကိုင်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၎င်းတို့၏ဝမ်းဗိုက်၊ ရင်ဘတ်၊ ခြေ၊ လက်နှင့် ဦးခေါင်းတို့တွင် ကျည်စထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။

အမည်မဖော်လိုသူ ကော့ကရိတ်မြို့ခံအမျိုးသားတစ်ဦးက “လက်နက်ကြီးကျတဲ့ အကြွင်းအကျန်ကိုသွားကိုင်ဆော့လို့ဖြစ်တာ။ ဘယ်နေ့ကတည်းကျနေတဲ့ဟာလဲတော့ မသိဘူး ။ မပေါက်ကွဲသေးတဲ့ဟာတွေရှိနေသေးတယ်လို့ သုံးသပ်လို့ရတယ်။ နောင်ဖြစ်မယ့်မျိုးဆက်သစ် ကလေးတွေအတွက် စိုးရိမ်ရတယ်ဗျ” ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်(၂)ဦးအား ဖားအံမြို့ တောင်ကလေးဆေးရုံသို့ ပို့ဆောင် ကုသမှုပေးထားရသလို မြို့အတွင်း ကျန်ရှိနေမည့် စစ်လက်နက်အကြွင်းအကျန်များအားလည်း ရှင်းလင်းပေးမည့်သူမရှိကြောင်း နောက်ထပ်မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

၎င်းက “မကွဲတဲ့အလုံးတွေကိုသွားဆော့ရင်းနဲ့ဖြစ်တာ အဲဒီအလုံးတွေကိုရှင်းပေးမယ့်သူ မရှိဘူးလေ လောလောဆယ် ကလေးတွေကိုတော့ ဖားအံ တောင်ကလေးဆေးရုံကို တင်ထားရတယ်” ဟု အဆိုပါအမျိုးသားက အတည်ပြုပြောသည်။

လက်ရှိအထိ ကော့ကရိတ်မြို့ပြင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်မြေမတည်ငြိမ်သော်လည်း ဧပြီလပိုင်းကတည်းက မြို့တွင်းပြန်လည်စိုးမိုးထားသော စစ်ကောင်စီမှ ပြန်လည်ထူထောင်ရေး၊ ဌာနဆိုင်ရာများပြန်ဖွင့်ရေးကိုသာ အလေးပေးလုပ်ဆောင်ခဲ့သလို ကော့ကရိတ်စစ်ရှောင်များအား နေရပ်ပြန်ခေါ်ယူသဖြင့် မြို့တွင်း တစ်ဆထက်တစ်ဆ လူနေထိုင်မှု ရှိလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

သို့သော် အရပ်သားများလုံခြုံရေးအတွက် စစ်ကောင်စီက မြို့တွင်း စစ်လက်နက်အကြွင်းအကျန်ပစ္စည်း ရှင်းလင်းရေးလုပ်ဆောင်ပေးမှု မရှိသဖြင့် ယခုလိုကလေးငယ်များ ထိခိုက်ဒဏ်ရာရမှုအပြင် ပြီးခဲ့သည့်‌ မေလပိုင်းကလည်း နေရပ်ပြန်ဝင်လာသည့် စစ်ရှောင်အမျိုးသမီး(၁)ဦး နေအိမ်ခြံဝင်းအတွင်း မိုင်းထိ၍ ခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။

လတ်တလောတွင်မူ စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ မြို့ပေါ်ရပ်ကွက်အချို့သို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာမှု များပြားလာသည့်အတွက် စားဝတ်နေရေး အခက်အခဲရှိသည့် မြို့ခံအချို့နှင့်စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအချို့မှအပ နေရပ်ပြန်လာသည့် စစ်ရှောင်အများစုမှာ မြို့မှတကျော့ပြန်စွန့်ခွာနေကြသည်ဟု ဒေသခံများက ပြောသည်။

Landmine & Cluster Munition Monitor ၏ ဒီဇင်ဘာလ၊ ၂၀၂၃ ခုနှစ်အတွက် မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ စစ်တပ်က အာဏာသိမ်း ထားသည့်ကာလအတွင်း မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်း အကျန်ပစ္စည်းများကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်သေဆုံးသူ (၁,၃၀၀) ကျော်ရှိလာကြောင်း သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...