နေအိမ်မီးလောင်ခံရသည့် စစ်ဘေးဒဏ်သင့်ဒေသခံအချို့ အကူအညီတစ်စုံတစ်ရာမရသေး

နေအိမ်မီးလောင်ခံရသည့် စစ်ဘေးဒဏ်သင့်ဒေသခံအချို့ အကူအညီတစ်စုံတစ်ရာမရသေး

စစ်ဘေးဒဏ်သင့်ဂျိုင်းမြစ်ဝှမ်းဒေသနှင့် ဆက်စပ်ကျေးရွာများမှ စစ်ဘေးရှောင်တို့ကို  အကူအညီထောက်ပံ့ရေးအစီအစဉ်ဖြင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအသီးသီးမှ ထောက်ပံ့ဆောင်ရွက်ပေးလျှက်ရှိသော်လည်း လက်ရှိအချိန်အထိ အကူအညီတစ်စုံတစ်ရာ မရသူတို့ ရှိနေဆဲဖြစ်သည်ဟု သိရသည်။

စစ်ဘေးရှောင် ကူညီထောက်ပံ့နေသူတို့နှင့် လက်လှမ်းဝေးခြင်း၊ သတင်းအချက်အလက်ရရှိမှု နှောက်နှေးခြင်းနှင့် ယာယီတဲအိမ်ဆောက်ထားသူတို့ကိုသာ ကူညီထောက်ပံ့ခြင်း စသည့်ကန့်သတ်မှုတို့ကြောင့် အကူအညီရရှိရန်ခက်ခဲနေသည်ဟု စစ်ဘေးဒဏ်သင့် ဒေသခံတို့က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၇  ရက်နေ့တွင် အဆိုပါစစ်ဘေးဒဏ်သင့်သူတို့ကို ချောင်းဆုံမြို့နယ်ရှိ ဘုန်တော်ကြီးကျောင်းတွင် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၅၀၀၀၀ နှုန်းဖြင့် ကူညီထောက်ပံ့သည့်အစီအစဉ် ပြုလုပ်ခဲ့သော်လည်း သတင်းရရှိမှုနှောင့်နှေးခြင်းကြောင့် အထောက်အပံ့ တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း နေအိမ်မီးလောင်ခံရသည့် ဓမ္မသရွာခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

"ကျမတို့က လာတယ်၊ အဲ့မှာ စာရင်းတင်ထားတဲ့လူတွေမှ ပေးတယ် မတင်ထားတဲ့သူတွေကို မပေးဘူး၊ အမတို့က ပြန်လာရတယ်ပေါ့၊ ဟိုးမနက်ကတည်းကစောင့်နေတာ၊ ကျမတို့ တောင်းပန်ပြီးပြောလည်း မပေးဘူးပေါ့ စာရင်းဇယားနဲ့ရှိမှ ရမှာလို့ပြောတယ်"ဟု ဆိုသည်။

ကူညီထောက်ပံ့မှုတို့ကို ထိထိရောက်လုပ်ဆောင်လိုသည့်အပြင် နေအိမ်မီးလောင်ခံရပြီး ၃ လကျော်ကြာသည်အထိ နေအိမ်မဆောက်နိုင်ခြင်းကြောင့် နေရာထိုင်ခင်းအပြင် စားဝတ်နေရေးအတွက်လည်း ခက်ခဲနေခြင်းကြောင့် အကူအညီလိုအပ်နေကြောင်းလည်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

“ ကျမတို့က ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးထားရတော့ အရမ်းကိုခံစားနေရတာ၊ နေတိုင်းမျက်ရည်ကျနေရတာ၊ အချို့ဆို ဒုက္ခရောက်တဲ့လူတွေကို ကူညီနေတာမဟုတ်ဘဲ တဲအိမ်ဆောက်နိုင်တဲ့လူတွေကိုသာ ကူညီနေသလိုဖြစ်နေတာ၊ ပိုက်ဆံမရှိလို့ ဒီလောက်ခက်ခဲနေတာ၊ တဲအိမ်ပါဆောက်ခိုင်းမယ်ဆိုတော့၊ ကျမကတော့ မဆောက်နိုင်သေးဘူး" ဟု ဆိုသည်။

နေအိမ်မဆောက်နိုင်သေးသည့် ဒေသခံအများစုသည် မော်လမြိုင် မြို့ပေါ်တွင် အိမ်ငှားနေထိုင်သူတို့ရှိသကဲ့သို့ အခြားအဆင်ပြေသည့် နေအိမ်နှင့် စစ်ဘေးရှောင်နေရာတို့တွင်လည်း  နေထိုင်သူတို့ ရှိနေဆဲဖြစ်သည်။

လက်ရှိအချိန်အထိ စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးခြင်းမရှိသည့်အပြင် အခြားအရပ်ဖက်အဖွဲ့မှ အကူအညီရရှိမှုနည်းပါးခြင်းကြောင့် ယာယီနေအိမ်ဆောက်လုပ်သူတို့ ဆယ်ဂဏန်းခန့်သာ ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား  မတ်လ ၂၄ ရက်နေ့မှစ၍ တိုက်ပွဲပြင်းထန်ခဲ့သဖြင့် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက် အိမ်ခြေ ၄၁၆ လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု စစ်ဘေးရှောင်ကူညီရေးဆိုင်ရာအဖွဲ့မှ ထုတ်ပြန်ထားချက်အရ သိရသည်။

ပုံ-Nay Naw(facebook)
April 11, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ...
April 10, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့်...
April 9, 2026
မွန်ပြည်နယ်တွင် လာမည့်သင်္ကြန်ကာလအတွင်း ပြုလုပ်မည့် မည်သည့် ပျော်ပွဲရွှင်ပွဲမျိုးမဆို...
April 8, 2026
စစ်အုပ်စုက လွှမ်းမိုးထားသည့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွှတ်ရေးပါတီမှ...