အိန္ဒိယတွင် သောင်တင်နေသည့် ရခိုင်ကုန်သည်များ နစ်နာမှုရှိနေ

အိန္ဒိယတွင် သောင်တင်နေသည့် ရခိုင်ကုန်သည်များ နစ်နာမှုရှိနေ

ရခိုင်ပြည်အတွင်းက ရာနှင့်ချီသော ကုန်သည်များမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင် သောင်တင်နေသည်မှာ ၁၀ ရက်အထိ ကြာမြင့်လာပြီဖြစ်ကာ လက်ရှိအချိန်ထိ နေရပ်ပြန်ရေး အဆင်မပြေသေး၍ ဆုံးရှုံးနစ်နာမှုများရှိလာနေကြောင်း ပြောဆိုကြသည်။

လောင်တလိုင်ခရိုင်မှတစ်ဆင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုဖြတ်၍ ရခိုင်ပြည်သို့ ကုန်ပစ္စည်းများ တင်သွင်းနေသည့် လမ်းကြောင်းများကို ဗဟိုလိုင်လူငယ်အစည်းအရုံး(CYLA) က ဇွန် ၂၄ ရက်တွင် ပိတ်ဆို့လိုက်သည်။

ယင်းနောက် ဇွန် ၃၀ ရက်တွင် CYLA က ပိတ်မိနေသည့် ကုန်သည်များအား ကုန်ပစ္စည်းများကို ရခိုင်ဘက်သို့ သယ်ယူခွင့်မပြုဘဲ နေရပ်ပြန်ခွင့်ပေးခဲ့သည်။

လက်ရှိတွင် ဝယ်ယူထားသည့် ကုန်ပစ္စည်းများကို လက်ဝယ်ဆိုင်တွင် ပြန်လည်သွင်းအပ်လျှင်လည်း ငွေသားကို ချက်ချင်းလက်ငြင်း မရရှိနိုင်ဟု ပြောဆိုကြသဖြင့် ကုန်သည်များမှာ ရှေ့ဆက်ရခက်ခဲနေသည်ဟု အိန္ဒိယတွင် သောင်တင်နေသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။

“အခုက ကုန်သည်တွေ တော်တော်လည်းကို အခက်တွေ့နေကြရတဲ့ အခြေအနေမှာရှိတယ်။ ကျနော်တို့က ဒီလိုအကျပ်အတည်းကာလမှာ ပိုက်ဆံတွေ ပိုလျှံနေလို့ ကုန်သည်လုပ်နေကြတာ မဟုတ်ဘူး။ စားဝတ်နေရေးအတွက် လုပ်နေကြရတာ။ ဒီကုန်စည်တွေကို သယ်ယူခွင့်မရခဲ့ရင် ဆုံးရှုံးနစ်နာမှုက အရမ်းကိုရှိမှာ”ဟု ၎င်းကပြောသည်။

အိန္ဒိယ-ပလက်ဝ-ရခိုင် လမ်းကြောင်းမှ ကုန်ပစ္စည်းများ တင်သွင်းခြင်းသည် ရခိုင်ပြည်သူများ၏ စားဝတ်နေရေး ဖူလှုံရန်အတွက် ဖြစ်သော်လည်း ယင်းကုန်ပစ္စည်းများကို အာရက္ခတပ်တော် (AA) က ချင်းလက်နက်ကိုင်များနှင့် တိုက်ခိုက်ရာတွင် ရိက္ခာအဖြစ်အသုံးပြုနေ၍ ပိတ်ပင်ရခြင်းဟု CYLA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကုန်သည်များမှာ နေရပ်မပြန်နိုင်ဘဲ လောင်တလိုင်ခရိုင်တွင် ပိတ်မိနေသည်မှာ ရက်ပေါင်း ၁၀ အထိ ရှိလာသဖြင့် ကုန်ကျစရိတ်များပြားကာ နစ်နာမှုရှိနေသည်ဟု မင်းပြားမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။

“ဒီမှာက စရိတ်စကတွေကလည်း အရမ်းကြီးတော့ ကုန်သည်တွေမှာ အကုန်အကျက တော်တော်များနေပြီ။ တချို့ကုန်တွေဆိုရင်လည်း အခြေခံစားသောက်ကုန်တွေဖြစ်တဲ့အတွက် ရေစိုလို့မရဘူး။ ပျက်စီးမှုရှိရင်တော့ ဆုံးရှုံးမှုက အရမ်းများမယ်” ဟု ၎င်းကပြောသည်။

ရခိုင်ဖက်သို့ ကုန်စည်သယ်ယူခွင့် ပိတ်ဆို့ထားခြင်းနှင့်ပတ်သက်ပြီး လိုင်လူငယ်အဖွဲ့အစည်းနှင့် မရာလူငယ် အဖွဲ့တို့အကြား ညှိနှိုင်းမှုများရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို AA က ဇန်နဝါရီလအတွင်း သိမ်းပိုက်လိုက်ပြီးနောက် မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုကာ ရခိုင်ပြည်ထဲသို့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ လောင်စာဆီနှင့် အခြားကုန်ပစ္စည်းများအား တင်သွင်းနေခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကို ယခုအတွင်း တွေ့ရစဉ်။
February 10, 2026
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်...
February 9, 2026
ရခိုင်မြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့်...
February 7, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ ဘာသာဝင်အသီးသီးသည် မိမိတို့၏...
၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်
February 6, 2026
လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ရခိုင်လူငယ် အများအပြားသည်...