သံတွဲအကျဉ်းထောင်ရှိ အကျဉ်းသားများ၏ လုံခြုံရေးစိုးရိမ်နေရ

သံတွဲအကျဉ်းထောင်ရှိ အကျဉ်းသားများ၏ လုံခြုံရေးစိုးရိမ်နေရ

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ရေးအရှိန်မြှင့်တက်လာသောကြောင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်သားများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်စရာအခြေအနေရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

သံတွဲအကျဉ်းထောင်တွင် စစ်ကောင်စီတပ်စွဲထားသဖြင့် အကျဉ်းသားများမှာ တိုက်ပွဲကြားမြေစာပင်ဖြစ်သွားနိုင်၍ ပြန်လွှတ်ပေးရန် (သို့မဟုတ်) လုံခြုံမည့်နေရာများသို့ ရွှေ့ပြောင်းပေးသင့်ကြောင်း ဒေသခံများက ပြောသည်။

“နှစ်ဖက်တိုက်ပွဲဖြစ်ရင် အကျဉ်းသားတွေအတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်မှာ စိုးရိမ်ရတယ်။ ဒါကြောင့် သူတို့ကို လွှတ်ပေးစေချင်တယ်။ ဒါမှမဟုတ်ရင်လည်း လုံခြုံရေးအာမခံချက်ပေးဖို့ လိုအပ်တယ်” ဟု သံတွဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သံတွဲအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါဝင် အခြားပုဒ်မအသီးသီးဖြင့် ထောင်ချခံထားရသည့် အကျဉ်းသားရာနှင့်ချီရှိကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။

တိုက်ပွဲကာလ မြောက်ဦးမြို့တွင် သတင်းထောက် ဖိုးသီဟ အပါအဝင် အကျဉ်းသား ၇ ဦးတို့ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့်အပြင်၊ ကျောက်တော်တိုက်ပွဲမှာလည်း အကျဉ်သားတချို့ သေဆုံးခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ယင်းအပြင် ဘူးသီးတောင်တွင်လည်း နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအပါအဝင် စုစုပေါင်းအကျဉ်းသား ၉၈ ဦးကို စစ်ကောင်စီက ဖြစ်သလိုချန်ထားခဲ့၍ အာရက္ခတပ်တော်(AA)က ကယ်ထုတ်ခဲ့ရသည်။

ဇွန်လ ၂၄ ရက်က မောင်တောမြို့မရဲစခန်း၌ ချုပ်နှောင်ခံထားရသော အချုပ်သား ၄၈ ဦးကို စစ်ကောင်စီက လွှတ်ပေးကာ ရဲတပ်ဖွဲ့ဝင်များလည်း ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် လက်ရှိတိုက်ပွဲပြင်းထန်နေသော သံတွဲဒေသမှအကျဉ်းသားများ၏ အသက်လုံခြုံရေးကို မိသားစုများနှင့် ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

သံတွဲတွင်တိုက်ပွဲကြောင့် ဒေသခံများမှာ ဘေးလွတ်ရာတိမ်းရှောင်နေရမှု၊ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှု စသည် တို့ကြောင့် မိသားစုဝင်များမှာ အကျဉ်းကျနေသူများနှင့် တွေ့ခွင့်ရရှိရန် အခက်အခဲများရှိနေကြသည်။

ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “သံတွဲအကျဉ်းထောင်မှာ ထိန်းချုပ်ခံထားရတဲ့ အကျဉ်းသားတွေရဲ့ အသက်လုံခြုံမှုက တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ပြောလို့ရတယ်။ အကျဉ်းသားတွေက ဘယ်ပုဒ်မနဲ့ပဲထောင်ကျကျ အခုတိုက်ပွဲနဲ့မဆိုင်ဘူး။ အဲဒါကြောင့် စစ်ကောင်စီအနေနဲ့ အကျဉ်းသားတွေရဲ့ အသက်လုံခြုံမှုကို အာမခံမပေးနိုင်ဘူးဆိုရင် မိသားစုဝင်တွေကို ဆက်သွယ်ပြီးတော့ ပြန်လွှတ်ပေးသင့်တယ်” ဟု ပြောသည်။

သံတွဲလေဆိပ်အထိ သိမ်းပိုက်ထားသည့် အာရက္ခတပ်တော်(AA)သည် သံတွဲဒေသကို အလုံးစုံထိန်းချုပ်နိုင်ရေး အပြင်းအထန်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ဆက်လက်ခုခံနေ၍ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

AA ထိုးစစ်မှာ သံတွဲမြို့နားသို့ နီးကပ်လာနေ၍ စစ်ကောင်စီက သံတွဲမြို့အတွင်း စစ်အင်အားအများအပြား ဖြည့်တင်းကာ ခံစစ်အခိုင်အမာ ပြင်ဆင်ထားသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...