ရွှေကူ တိုက်နယ်ဆေးရုံလေကြောင်းတိုက် ခိုက်ခံရမှုမှာ ကလေးတစ်ဦးသေဆုံး၊ အရပ်သား ၇ ဦးဒဏ်ရာရ

ရွှေကူ တိုက်နယ်ဆေးရုံလေကြောင်းတိုက် ခိုက်ခံရမှုမှာ ကလေးတစ်ဦးသေဆုံး၊ အရပ်သား ၇ ဦးဒဏ်ရာရ

ကချင်ပြည်နယ် ရွှေကူမြို့နယ်က မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖြစ်စဥ်ကတော့ ဇွန်လ ၁ ရက်နေ့ စနေနေ့ညသန်းခေါင်ယံ ၁၂ နာရီကျော်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့ကလေးငယ်ရဲ့ ဖခင်ဖြစ်သူလည်း ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်လို့ အဲ့ဒီဖြစ်စဥ်မှာ ဆေးဝါးကူညီ ဆောင်ရွက်ပေးခဲ့သူတစ်ယောက်ကပြောပါတယ်။

“အဲ့ဒီဖြစ်စဥ်မှာ လူနာစောင့်ဆိုတဲ့ ၈ နှစ်အရွယ်ကလေးတစ်ယောက်လည်းသေသွားတယ်။ သူ့ရဲ့အဖေကတော့ ခြေထောက်ဖြတ်ရမယ် ဒဏ်ရာရတာကတော့အသေးစား ၆ ယောက်လောက်ရှိတယ် ကလေးကတော့တစ်ခါတည်းသေသွားတာပေါ့”လို့ပြောပါတယ်။

လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ကြဲချခဲ့တာဖြစ်ပြီးတော့ ဆေးရုံရဲ့မျက်နှာချင်းဆိုင်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး နေအိမ်တစ်လုံး လုံးဝပျက်ဆီးသွားသလို ဆေးရုံအဆောက်အဦးတွေလည်း အတော်လေးပျက်ဆီးသွားခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နွားသုံးကောင်လည်းအဲ့ဒီဖြစ်စဥ်မှာသေဆုံးခဲ့ရပြီး မြို့ကုန်းကျေးရွာတစ်ဝှိုက်မှာတိုက်ပွဲတစ်စုံ တစ်ရာဖြစ်တာမရှိသလို ဒီလုပ်ရပ်ဟာအရပ်သားပစ်မှတ်ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကျနော်တို့သုံးသပ်တာကတော့ မံစီဘက်တွေမှာတိုက်ပွဲတွေလည်းဖြစ်တော့ အဲ့ဘက်ကဒဏ်ရာရတဲ့သူတွေကို ဒီဆေးရုံမှာကယ်ပြီးကုနေတယ်လို့ယူဆပုံရပါတယ်။ တကယ်တော့မဟုတ်ပါဘူး အလကားသက်သက်ကို လုပ်တာပါ ဒီမှာအရပ်သားတွေပဲရှိတာပါ”လို့ပြောပါတယ်။

မြို့ကုန်းရွာဟာ ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ရွာကြီးဖြစ်ပြီး လူဦးရေ ၃ထောင်ကျော်နေထိုင်တဲ့ရွာကြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်မြို့ကုန်းရွာဟာ ပြီးခဲ့တဲ့ မေလ ပထမအပတ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဗန်းမော်မြို့နယ်ထဲက ဧရာဝတီမြစ်ကူး စင်းခန်းတံတားကြီးနဲ့လည်း ရွာနှစ်ရွာလောက်ပဲ ခြားပြီးတည်ရှိတာလို့ ဆိုပါတယ်။

အလားတူဘဲ မနေ့က ဇွန်လ ၂ ရက်နေ့ ညနေပိုင်း၆နာရီလောက်မှာလည်း ဝိုင်းမော်မြို့နယ် တာလော်ကြီးရွာနဲ့ရွှေညောင်ပင် ရွာကိုဆက်သွယ်ထားတဲ့ တဘက်ချောင်းကူးတံတားကိုလည်း စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက် ခိုက်ခဲ့သလို သေဆုံးသူတွေရှိတယ်လို့သိရပေမဲ့အခြေနေအသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်ပါတယ်။

Most read this week

December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...
Photo credit - CJ
December 8, 2025
ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...