ဖုန်းတွင် နိုင်ငံရေး စာများ တွေ့သည့်ဆိုကာ အရပ်သား ၅ ဦး ဖမ်းဆီးခံရ

ဖုန်းတွင် နိုင်ငံရေး စာများ တွေ့သည့်ဆိုကာ အရပ်သား ၅ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အရပ်သား ပြည်သူ ၅ ဦးကို ဖုန်းထဲ၌ နိုင်ငံရေးနှင့် သက်ဆိုင်သည့် စာများ တွေ့သည်ဟုဆိုကာ စစ်တပ် ဖမ်းဆီးသွားသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ရာဒါကောင့် (B) မှ အရပ်သား ပြည်သူ ၅ ဦး အား မေလ ၁၈ ရက်နေ့ ဖမ်းဆီး သွားခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

နီးစပ်သူ တစ်ဦးက “မြို့ထဲတော့ အစစ်အဆေးများနေတယ် မထင်မှတ်တဲ့နေရာ မထင်မှတ်တဲ့ အချိန်မှာ ကား တွေနဲ့ ကင်းလှည့်ပြီး စစ်ကြတာ။ အများကြီး စစ်ခံရတယ်။ ဖုန်းနဲ့အိတ်တွေ လမ်းသွားလမ်းလာအားလုံးကို စစ် ကြတာတော့ ဟုတ်တယ်။ ဖုန်းမှာ နိုင်ငံရေးနဲ့ ပတ်သတ်ပြီး တွေ့ရင်တော့ ဖမ်းသွားကြတယ်။ အခု ဖမ်းခံရတဲ့ သူ တွေတော့ ရှိတယ်။ စနေ့နေ့တုန်းက ၅ ယောက် ဖမ်းခံရတာ ရာဒါကောင့် (B) ဘက်မှာ ဖြစ်သွားတာ” ဟု ပြော သည်။

ရာဒါကောင့် B မှ ဖမ်းဆီးခံလိုက်ရသည့် ပြည်သူ ၅ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထား သည် ကိုလည်း  မေလ ၂၀ ရက်နေ့အထိ မသိရသေးဘဲ အဆက်အသွယ် ပြတ်နေသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

စီတာပူရပ်ကွက်နေ ပြည်သူတစ်ဦးကလည်း ”မြို့ထဲမှာတော့ စစ်နေတယ်။ ဒီဘက်မှာရော လမ်းကြိုလမ်းကြား တွေမှာ နေပြီး ဆိုင်ကယ်နဲ့ ကား အားလုံးကို စစ်နေတယ်။ ဆိုင်ကယ်ဆို တူးဘောက်ဖွင့် စစ်တယ်။ ဘာဖြစ်လို့ စစ်တာလည်းတော့ မသိပါဘူး” ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများကို မထင်ရင်မထင်သလို စစ်ဆေးနေပြီး ဆိုင်ကယ်၊ ကားများကို ဖွင့်က စစ်ဆေးခြင်း၊ ဖုန်းများကို တောင်းရမ်းစစ်ဆေးခြင်းများ လုပ်နေ သည်ဟု မြို့ခံအချို့က ပြောသည်။

မြစ်ကြီးနားမြို့ခံ အမျိုးသမီး လူငယ်တစ်ဦးက “သွားလာရတာ တော်တော်ခက်သွားတယ် သိလား။ သူများတွေက တချို့ လူတွေဆို အပြင်ကို သိပ်မထွက်ရဲဘူး။ အဲ့လို ပုံစံဖြစ်နေတာ။ မြို့အတွင်း ပစ္စည်းပို့တဲ့ သူတွေတောင် သိပ် မထွက်ရဲဘူး။ မြို့ထဲထိပဲသွားတယ်။ မြို့စွန်ဘက်ဆို ဒီနေ့ မပို့တော့ဘူးနော် ဆိုတာတွေ ဖြစ်လာတယ်” ဟု ပြော သည်။

မြစ်ကြီးနားမြို့တဖက်ကမ်း ဝိုင်းမော်မြို့နယ်ဘက်ခြမ်းတွင် မေလ ၁၈ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး မြစ်ကြီးနား လေတပ်စခန်းမှ လက် နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့သည့်အပြင် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှု လည်း ရှိခဲ့သည်။

ဝိုင်းမော်မြို့နယ် အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက သုံးရက်ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေပြီး ယနေ့ မေလ ၂၀ ရက်နေ့အထိ နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...