မွန်အမျိုးသားကျောင်းတို့တွင် သင်ကြားရေးဝန်ထမ်း ခေါ်ယူမှုခက်ခဲနေ

မွန်အမျိုးသားကျောင်းတို့တွင် သင်ကြားရေးဝန်ထမ်း ခေါ်ယူမှုခက်ခဲနေ

မွန်အမျိုးသားပညာရေးဌာနအောက်ရှိ စာသင်ကျောင်းတို့တွင် လာမည့်စာသင်နှစ်အတွက် သင်ကြားရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုသူ နည်းပါလာခြင်းကြောင့် သင်ကြားရေးအပိုင်း အခက်ခဲရှိနိုင်ကြောင်း မွန်အမျိုးသားကျောင်း တာဝန်ရှိသူတို့က ဆိုသည်။

မွန်အမျိုးသားကျောင်းတို့တွင် သင်ကြားရေး ဝန်ထမ်းနည်းပါးသည့်အပြင်၊ ဝန်ထမ်းမတည်မြဲခြင်း၊ စေတနာ့ဝန်ထမ်းတို့လည်း အချိန်ကာလ တစ်ခုအထိသာ တာဝန်ထမ်းဆောင်နေခြင်းကြောင့် နှစ်စဉ် ဆရာ၊ ဆရာမအသစ်ခေါ်ယူနေရသည်ဟု သံဖြူဇရပ်မြို့နယ်မှ မွန်အမျိုးသားကျောင်း တာဝန်ရှိသူ ဆရာမတစ်ဦးက ဆိုသည်။

“ မွန်ကောလိပ်ကနေလာတဲ့ဆရာမတွေဆိုရင် သူတို့တာဝန်အရ နှစ်နှစ်တာဝန်ထမ်းဆောင်ပြီးရင် သူတို့ထွက်တာများတယ်၊ ပငမှာဆိုရင် ဆရာမအလုံလောက်ရှိတဲ့နှစ်ကနည်းပါတယ်၊ ကျွန်မတို့က နှစ်တိုင်းလိုလိုပဲ ဆရာမတွေခေါ်ယူနေရတယ်။ အဲဒါကြောင့် ကျောင်းမှာဆိုရင် ကလေးတွေ သင်ကြားရေးအပိုင်းတွေက ထိရောက်မှုအားနည်းနေတယ်။ ဆရာမတွေက နှစ်တိုင်းအသစ်တွေပဲခန့်နေရတယ်။ အတွေ့ကြုံရှိတဲ့ဆရာမတွေက ကျောင်းမှာနည်းနေတယ်' ဟု ဆိုသည်။

၎င်းအပြင် အထက်တန်းအဆင့် Grade 11, 12 အတွက် အတွေ့အကြုံရှိသည့် ဝါရင့် သင်ကြားရေး ဆရာ၊ ဆရာမများ မရှိသလောက်နည်းပါးနေခြင်းကြောင့် သင်ကြားရေးအပိုင်းတွင် များစွာနစ်နာနိုင်ကြောင်း ဆက်ပြောသည်။

လစာဝင်ငွေထောက်ပံ့မှုနည်းပါးခြင်း၊ စားဝတ်နေရေး တာဝန်ယူဆောင်ရွက်ပေးမှု နည်းပါးခြင်းကြောင့် လူသားအရင်းမြစ်ရှာဖွေမှု ခက်ခဲလာကြောင်း မွန်အမျိုးသားပညာရေးကော်မတီမှ အဖွဲ့ဝင်ဆရာတစ်ဦးက ဆိုသည်။

“ အဓိက အခက်အခဲအကြီးဆုံးက စရိတ်ပါပဲ၊ ဒီနှစ်မှာဆိုလည်း အများကြီးနုတ်ထွက်ကြတယ်၊ ဒီနေ့ခေတ်လူငယ်တွေလည်း ဆရာ၊ ဆရာမ လစာစရိတ်ကိုပြောပြရင် သူတို့ရယ်တော့မလိုဘဲ၊ အဲတာကြောင့် နိုင်ငံခြားပဲထွက်ကြတာများတယ်လေ၊ အခုထွက်သွားတဲ့ ဆရာ၊ ဆရာမနေရာမှာ အစားထိုးဖို့ အခုထိလူမရသေးဘူး ကျောင်းကလည်း ဖွင့်တော့မယ်” ဟု ဆိုသည်။

မွန်အမျိုးသားပညာရေးဌာနသည် နှစ်စဉ်ရန်ပုံငွေအတွက် မွန်အမျိုးသားပညာရေးချစ်သူများအဖွဲ့၊ မွန်သံဃာတော်အဖွဲ့နှင့် ပြင်ပအလှူရှင်တို့၏ ထောက်ပံ့မှုကို အဓိကမှီခိုအားထားနေရကြောင်း သိရသည်။

၎င်းအပြင် ယခုနှစ်တွင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစု ပြည်ပသို့ ထွက်ခွာနေခြင်းကြောင့် ဌာနဆိုင်ရာ ဝန်ထမ်းအပြင်၊ မွန်ပြည်နယ်ရှိ လုပ်ငန်းခွင်အသီးသီးတွင်လည်း လူသားအရင်မြစ် ရှားပါးနေကြောင်း သိရသည်။

လာမည့် မေလ ၂၅ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ မွန်အမျိုးသား ပညာရေးဌာနအောက်ရှိ စာသင်ကျောင်းများအားလုံး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Most read this week

July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...
July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...