ကာစီနိုလောင်းကစားတွေနဲ့ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်သွားမယ်လို့ KNU ထုတ်ပြန်

ကာစီနိုလောင်းကစားတွေနဲ့ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်သွားမယ်လို့ KNU ထုတ်ပြန်

မြန်မာနိုင်ငံမှာ အမြစ်တွယ်ပေါက်ဖွားလာတဲ့ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းတွေနဲ့ ငွေလိမ်ဂိုဏ်းတွေကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့  ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကရင်ပြည်နယ် နယ်စပ်တစ်လျှောက်ရှိ ငွေလိမ်ဂိုဏ်းနဲ့ တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းတွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှု၊ တိုက်ဖျက်လိုမှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ရပ်တည်ချက်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းတွေနဲ့ ငွေလိမ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံရဲ့ အစိုးရ အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ စနစ်ဆိုးတွေနဲ့ အဂတိလိုက်စားမှုတွေကနေ အမြစ်တွယ်ပေါက် ဖွားလာတာဖြစ်ပြီး အစိုးရအဆက်ဆက်ရဲ့ အဂတိလိုက်စားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းနဲ့ တရားဥပဒေစိုးမိုးမှု မရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းတွေကို တိုက်ရိုက်အကျိုးခံစားခွင့် ရရှိနေခြင်းကြောင့် နောက်ကွယ်ကနေ အကာအကွယ် ပေးတာ၊ ထောက်ခံနေတာတွေ ပြုလုပ်နေတယ်လို့ KNU က ဆိုထားပါတယ်။

ကရင်ပြည်နယ်အတွင်းရှိ ပြည်သူတွေကိုသာမက ပါဝင်ပတ်သက်နေသူတွေအားလုံးအတွက် လူမှုဒုက္ခမျိုးစုံနဲ့ ဒေသတွင်း မတည်ငြိမ်မှုအပြင် ကမ္ဘာ့နိုင်ငံတွေရဲ့ ငွေကြေးဆိုင်ရာ လုံခြုံနေရးနဲ့ စီးပွားရေးဆိုင်ရာ တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတယ်လို့ KNU က ထုတ်ပြန်မှာ ဖော်ပြပါရှိပါ တယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် ကာစီနိုလောင်း ကစားလုပ်ငန်းတွေကို အကြွင်းမဲ့ဆန့်ကျင်ပြီး တိုက်ဖျက်သွားမှာဖြစ်သလို ဒီလုပ်ငန်းတွေ ရှင်းလင်းသန့်စင်မယ့် အိမ်နီးနားချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...