မြဝတီကုန်သွယ်ရေးဇုန်နှင့်သင်္ဃန်းညီနောင်မြို့သစ်အနီး တိုက်ပွဲဖြစ်၊ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦးသေဆုံး

မြဝတီကုန်သွယ်ရေးဇုန်နှင့်သင်္ဃန်းညီနောင်မြို့သစ်အနီး တိုက်ပွဲဖြစ်၊ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦးသေဆုံး

မြဝတီကုန်သွယ်ရေးဇုန်နှင့်သင်္ဃန်းညီနောင်မြို့သစ်၊ ရွာသစ်ကုန်းတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ကလေးငယ်တဦးသေဆုံးကာ ဒေသခံသုံးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း မြို့ခံများက‌ ပြောသည်။

ယနေ့နေ့လယ် ၁ နာရီဝန်းကျင်အချိန်မှစ၍ စစ်ကောင်စီနှင့် KNUတပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ခြင်းဟု သိရသည်။

" စစ်တပ်ကပစ်တဲ့ လက်နက်ကြီး ရွာထဲလာကျလို့ ကလေးတယောက် လက်နက်ကြီးထိပြီးဆုံးသွားတယ်။ အိမ်တွေထိတာ အများကြီးပဲ။အစ်မတို့တော့ မြဝတီဘက်ကို ပြေးလာလိုက်ပြီ။ အခုထိ လက်နက်ကြီးတွေ ဆက်တိုက် ပစ်ထုတ်နေတာ စစ်တပ်က" ဟု ဒေသခံအမျိုးသမီးတဦးက ညနေ ၅ နာရီ ၄၂ မိနစ်တွင် မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ (၂၇၅) တပ်စခန်းနှင့် သင်္ဃန်းညီနောင် ဗျူဟာကုန်းက လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် သင်္ဃန်းညီနောင်မြို့သစ်၊ ရွာသစ်ကုန်းမှ ယောက်ျားလေးကလေးငယ်တဦးထိခိုက်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံသုံးဦးထက်မနည်း ဒဏ်ရာရထားပြီး နေအိမ်များလည်းပျက်စီးမှုရှိကြောင်း ဒေသခံများက ပြောသည်။ အသေးစိတ်အခြေအနေကို မဇ္ဈိမအနေဖြင့် ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

ဒေသခံတဦး၏ ညနေ ၆ နာရီအချိန်က ပြောကြားချက်အရ လက်ရှိတွင် သင်္ဃန်းညီနောင်မြို့၊ ရွာသစ်ကုန်းနှင့် မြဝတီကုန်သွယ်ရေးဇုန်တွင် ပစ်ခတ်သံများမကြားရတော့ဘဲ ငြိမ်သက်နေကြောင်းသိရသည်။

ကရင်ပြည်နယ်၊သင်္ဃန်းညီနောင်မြို့သစ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီ၏ ရဟတ်ယာဉ်နှစ်စီးအား KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှု၌ ရဟတ်ယာဉ်တစီးထိမှန်ပျက်ကျပြီး ရဟတ်ယာဉ်ပေါ်တွင်ပါလာသည့် တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ခမရ (၉) တပ်ရင်းမှူး ဗိုလ်မှူးစိုးလွင်ထွန်း၊ ရဟတ်ယာဉ်မှူး ဗိုလ်မှူး တိုးဦး အပါအဝင် ငါးဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ခဲ့သည်။

လတ်တလော ဒေသတွင်း စစ်ရေးအခြေအနေအရ တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်၍ မြဝတီကုန်သွယ်ရေးဇုန်နှင့်သင်္ဃန်းညီနောင်မြို့သစ်မှ ဒေသခံများသည် မြဝတီမြို့ပေါ်သို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...