စစ်ကောင်စီ၏ FTC-2000G အမျိုးအစား တိုက်လေယာဉ်ပစ်ချခံရခြင်းဟုဆို

စစ်ကောင်စီ၏ FTC-2000G အမျိုးအစား တိုက်လေယာဉ်ပစ်ချခံရခြင်းဟုဆို
တရုတ်နိုင်ငံရှိ လေကြောင်းပြပွဲ တစ်ခုတွင် တွေ့ရသည့်  FTC-2000G အမျိုးအစား တိုက်လေယာဥ်တစင်း။
တရုတ်နိုင်ငံရှိ လေကြောင်းပြပွဲ တစ်ခုတွင် တွေ့ရသည့် FTC-2000G အမျိုးအစား တိုက်လေယာဥ်တစင်း။

KIA က စစ်ကောင်စီ၏ FTC- 2000G အမျိုးအစား တိုက်လေယာဥ်ကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ လေတပ်သတင်းအရင်းအမြစ်များကို ကိုးကားပြီး ပြည်သူ့ပန်းတိုင် (People`s goal) က ဖော်ပြသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့မှာ CDM စစ်သားများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး CDM ပြုလုပ်လိုသည့် စစ်သားများကို အကူအညီပေးနေသည့် အဖွဲ့လည်းဖြစ်သည်။

ဇန်နဝါရီ ၁၆ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖက်ကာဒေသတိုက်ပွဲအတွင်း ဗုံးလာကြဲသည့် စစ်ကောင်စီ ၏ တိုက်လေယာဉ် တစင်းအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ခြင်းဖြစ်သည်။

"ပစ်ချခံရတာ မှန်ပါတယ်၊ မကြာသေးခင်ကမှ ဝယ်ယူထားတဲ့ FTC-2000G တိုက်လေယာဉ်ပါ၊ ပိုင်းလော့နှစ်ယောက် အခြေအနေတော့ မသိရသေးဘူး" ဟု လေတပ်သတင်းအရင်း အမြစ်က ပြောကြားကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

ပစ်ချခံရသည့် လေယာဉ်အမျိုးအစားမှာ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား၊ နှစ်ယောက်မောင်း အပေါ့စားဗုံးကြဲတိုက်လေယာဉ်ဖြစ်ပြီး နမ့်စန်လေတပ်စခန်းမှ နမ့်ဖက်ကာဒေသကို ဗုံးကြဲပျံသန်းနေစဉ် ပစ်ချခံရခြင်းဟု လေတပ်သတင်းရင်းမြစ်ကို ကိုးကားပြီး ဆက်လက်ရေးသားထား သည်။

စစ်ကောင်စီက တရုတ်နိုင်ငံမှ အဆိုပါ လေယာဥ် ခြောက်စင်းဝယ်ယူထားပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလက နမ့်စန်လေတပ်စခန်းသို့ ရောက်ရှိလာခြင်းဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်လေယာဥ်၏ တန်ဖိုးမှာတစင်းလျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်း ရှိသည်။

KIA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူကလည်း နမ့်ဖက်ကာဒေသ ခလရ (၁၂၃) တပ်ရင်းအား သိမ်းပိုက်စဉ် လာရောက်ဗုံးကြဲသည့် စစ်ကောင်စီ တိုက်လေယာဉ်အား ပစ်ချနိုင်ခဲ့ကြောင်း သတင်းဌာနများကို အတည်ပြုထားသည်။

May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...