၂၀၂၄ ခုနှစ်က ချင်းပြည်အတွက် အလွန်အရေးကြီးသော နှစ်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီဥက္ကဌပြော

၂၀၂၄ ခုနှစ်က ချင်းပြည်အတွက် အလွန်အရေးကြီးသော နှစ်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီဥက္ကဌပြော

၂၀၂၄ ခုနှစ်သည် ချင်းပြည်အတွက် အလွန်အရေးကြီးသော “နှစ်” တစ်နှစ်ဖြစ်ပြီး အရေးတကြီး အကောင်အထည်ဖော်ရမည့် အချက် (၄) ချက်ရှိကြောင်း ချင်းလဲန်းကောင်စီ ဥက္ကဌ Pu Zing Cung က ပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌလည်းဖြစ် ချင်းလဲန်းကောင်စီ ဥက္ကဌ Pu Zing Cung က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်က နှစ်သစ်နှုတ်ခွန်းဆက်စကားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပထမအချက်သည် “စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ချေမှုန်းရေး” ဖြစ်ပြီး ယင်းစနစ်ကို ကျောထောက်နောက်ခံပေးနေသည့် စစ်တပ်နှင့် ၎င်း၏ ယန္တရားတစ်ခုလုံကို ချေမှုန်းရန်ဖြစ်သည်ဟု ကောင်စီဥက္ကဌက ပြောသည်။

ဒုတိယအချက်သည် “ချင်းအမျိုးသားပိုက်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားတို့၏ ပိုက်နက် နယ်မြေ အစိတ်အပိုင်းတချို့ကို စစ်ကောင်စီက အုပ်ချုပ်နေဆဲဖြစ်ကာ စစ်ကောင်စီတပ်ကို အပြီးအပိုင် တိုက်ထုတ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တတိယအချက်သည် “အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းလဲန်းတည်ဆောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားရေး လှုပ်ရှားမှုမှာ အင်အားစုတစ်ရပ်လုံး စုစည်းမှသာ အရှိန်အဟုန်နှင့် တိုက်ပွဲဝင်နိုင်မှာဖြစ်ကြောင်း၊ ချင်းလဲန်းတည်ဆောက်ရေးမှာ ချင်းအမျိုးသားများနှင့် ချင်းလဲန်းပြည်သူတစ်ရပ်လုံး တက်ညီလက်ညီ တာဝန်ထမ်းရွက်ကြမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးအချက်သည် “နိုင်ငံရေးနဲ့ အမျိးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံးအချိန်ဖြစ်ပြီး ချင်းပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်တောင်တခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး အကောင်းဆုံးအခွင့်အလမ်းဖြစ်ကြောင်း၊ ယင်းကို အမိအရဆုပ်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းများ အားလုံး စုစုစည်းစည်းဖြင့် ပူးပေါင်းတိုက်ပွဲဝင်ရန် လိုအပ်သည်ဟု ချင်းလဲန်းကောင်စီ ဥက္ကဌက ပြောသည်။

၂၀၂၃ ခုနှစ်မှာ နာကျည်းမှု၊ ဝမ်းနည်းပူဆွေးမှု၊ ဆုံးရှုံးမှုများ ကြုံခဲ့ရသော်လည်း စစ်ရေးကဏ္ဏမှာ စစ်ကောင်စီ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့သည့်အပြင် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးကဏ္ဍမှာ ချင်းလူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ကျင့်သုံးရန် ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းပြီး ချင်းလဲန်းကောင်စီကို ပြဌာန်းနိုင်ခဲ့ကြောင်းသိရသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...