DMG သတင်းထောက်နှင့် ရုံးစောင့်တို့ကို ဖမ်းဆီးခြင်းမှာ သတင်းအမှောင်ချပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို အသံတိတ်ကျူးလွန်ရန် ကြိုတင်ပြင်ဆင်ခြင်းဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ထုတ်ပြန်

DMG သတင်းထောက်နှင့် ရုံးစောင့်တို့ကို ဖမ်းဆီးခြင်းမှာ သတင်းအမှောင်ချပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို အသံတိတ်ကျူးလွန်ရန် ကြိုတင်ပြင်ဆင်ခြင်းဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ထုတ်ပြန်

ရခိုင်အခြေစိုက် Development Media Group(DMG) သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် သတင်းဌာနရုံးစောင့် ကိုစိုးဝင်းအောင်တို့ကို မတရားဖမ်းဆီးခြင်းမှာ သတင်း အမှောင်ချပြီး စစ်ကောင်စီ၏ မတရားလုပ်ရပ်များကို ရက္ခိုင်ပြည်သူလူထုများမသိစေရေးနှင့် လူ့အခွင့်အ‌ရေး ချိုးဖောက်မှုများကို အသံတိတ်ကျူးလွန်ရန် ကြိုတင်ပြင်ဆင်သည့် လုပ်ရပ်ဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ယမန်နေ့ နိုဝင်ဘာ ၉ ရက်ကထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် သတင်းထောက် ကိုထက်အောင်နှင့် ရုံးစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ အား ဖမ်းဆီးခြင်းကိုလည်း ပြင်းထန်စွာရှုတ်ချထားသည်။

“ကိုထက်အောင်၊ ကိုစိုးဝင်းအောင်တို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့် တရားစွဲဆိုခြင်း၊ ရက္ခိုင်ပြည်ရှိ သတင်းဌာနများနှင့် သတင်းထောက်များအား မင်းအောင်လှိုင်ခေါင်းဆောင်သော အာဏာလု ဖက်ဆစ်စစ်တပ်မှ မတရားသဖြင့် ဝင်ရောက်စီးနင်း၍ ဖမ်းဆီးတရားစွဲဆိုခြင်း စသည့်လုပ်ရပ်များသည် ရက္ခိုင်ပြည်အတွင်း ၎င်းတို့၏ မတရားလုပ်ရပ်များနှင့် လူ့အခွင့်အ‌ရေး ချိုးဖောက်မှုများအပေါ် ရက္ခိုင်ပြည်သူလူထုများမသိစေရေး သတင်းအမှောင်ချ၍ အသံတိတ်ကျူးလွန်ရန် ကြိုတင်ပြင်ဆင်သည့် လုပ်ရပ်ဖြစ်ကြောင်း မိမိတို့ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေဖြင့် မှတ်ယူပြီး ယင်းလုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

DMG သတင်းထောက် ကိုထက်အောင်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်(သီတင်းကျွတ် လပြည့်နေ့)က စစ်တွေမြို့၊ ဝင်္ကဘာကွင်း၌ ပြုလုပ်သည့် ဆွမ်းတော်ကြီးလောင်းလှူပွဲတွင် သတင်းဓာတ်ပုံ ရိုက်နေစဥ် စစ်ကောင်စီတပ်မှ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။

ထို့နောက် ဖမ်းဆီးခံ သတင်းထောက် ကိုထက်အောင်ကို စစ်တွေမြို့ရှိ DMG ရုံးကိုလိုက်ပြခိုင်းကာ ရုံးအား ဝင်ရောက်စီးနင်းပြီးနောက် ရုံးမှ ကွန်ပျူတာ၊ ကင်မရာများနှင့် တခြားရုံးသုံးပစ္စည်းများကိုပါသိမ်းဆည်ကာ ရုံးစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်ကိုပါ ဖမ်းဆီးသွားပြီး ရုံးကိုပါ ချိပ်ပိတ်သွားခဲ့သည်။

ကိုထက်အောင်သည် လက်ရှိ အဝေးသင် မြန်မာစာဌာန ဒုတိယနှစ်တွင် ပညာသင်ယူနေဆဲဖြစ်ပြီး DMG သတင်းဌာနတွင် ဝင်ရောက်လုပ်ကိုင်ကာ သတင်းသမားကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ သတင်းမီဒီယာကဏ္ဍမှ ရခိုင်ပြည်သူ့အကျိုးအတွက် သတင်းထောက်တာဝန်ကို ထမ်းဆောင်နေသူတစ်ဦးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် ကိုထက်အောင်နှင့် ရုံးစောင့် ကိုစိုးဝင်းအောင်တို့ကို စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ကောင်စီဘက်မှ  ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သူတို့ နှစ်ဦးကို လာမည့် နိုဝင်ဘာလ ၁၃ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် DMG သတင်းဌာန အပါအဝင် သတင်းဌာနများသည် ရက္ခိုင်ပြည်အရေးကိစ္စများနှင့်ပတ်သက်၍ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုများကို ဘက်လိုက်မှုမရှိဘဲ ရေးသားတင်ပြသော အမှီအခိုကင်း သတင်းဌာနများဖြစ်သည်ဟု  ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်း ဥပဒေပုဒ်မ ၁၇(၂)နှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားကြောင်းလည်းသိရသည်။

ယင်းအပြင် DMG သတင်းဌာနမှ တာဝန်ခံအယ်ဒီတာတစ်ဦးနှင့် သတင်းထောက်တစ်ဦးတို့လည်း  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရကြောင်းလည်း သိရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...