ချင်းကာကွယ်ရေးတပ်ဖွဲ့ ပလက်ဝ ရဲဘော်များ တောစီးဖိနပ်မရှိဘဲ စစ်ရေးလှုပ်ရှားနေရ

ချင်းကာကွယ်ရေးတပ်ဖွဲ့ ပလက်ဝ ရဲဘော်များ တောစီးဖိနပ်မရှိဘဲ စစ်ရေးလှုပ်ရှားနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ - ပလက်ဝ၏ ရဲဘော်၊ ရဲမေ ၂၅၀ ထက်မနည်းမှာ တောစီးဖိနပ် မရှိဘဲ စစ်ရေးလှုပ်ရှားနေရသောကြောင့် အခက်အခဲကြုံတွေ့နေရပြီး အရေးပေါ်လို အပ်နေကြောင်း ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

“ရဲဘော် ၂၅၀ အတွက် ဆိုတာကလည်း များများလှူရင်တော့ များများ ဝယ်လို့ ရနိုင်တာပေါ့နော်။ ၂၅၀ ရရင်လည်း ကျနော်တို့ အတွက် အများကြီး ခံသာတာပေါ့လေ။ ကျန်တာကို အဆင်ပြေသလို ဖဲ့ထုတ်ပြီး ဝယ်လို့ ရတာပေါ့။ အခုအရေးပေါ်လိုအပ်နေတဲ့ အရံ ၂၅၀ သာရရင် မြေပြင်မှာရှိတဲ့ ရဲဘော်တော်တော်များများကို အဆင်ပြေစေတယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

CDF- ပလက်ဝ၏ ရဲဘော်ရဲမေများသည် တောစီးဖိနပ် မရှိ၍ အရေးပေါ် လိုအပ်နေသောကြောင့် နည်းလမ်းရှာကြံပြီး ပို့ပေးခဲ့ သော်လည်း ရဲဘော်ထက်ဝတ်မျှ မလောက်ငှပဲ ရှိနေသည်၊ ကျန်ရဲဘော်များ ဖိနပ်မရှိဘဲ စစ်ရေးလှုပ်ရှားနေရသောကြောင့် ပြည်တွင်း၊ ပြည်ပ ပြည်သူများ၏ အကူအညီများ လိုအပ်နေသည်ဟု သူက ပြောသည်။

ဆလိုင်းမျိုးထိုက်သည် ပလက်ဝမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သကဲ့သို့ ပလက်ဝမြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးဥက္ကဌလည်းဖြစ်သည်။

တချို့ရဲဘော်များသည် တောစီးဖိနပ်မရှိဘဲ နေရသည်မှာ အချိန်ကြာမြှင့်လာပြီး တောစီးဖိနပ် မလုံလောက်မှုမှာ တော်လှန်ရေး စတင်ကတည်းက အခက်အခဲအဖြစ် ရှိနေခဲ့သည်၊ လက်ရှိတောစီးဖိနပ်များမှာလည်း ၃လခန့် အသုံးပြုလိုက်ပါက လုံးဝ ပျက်စီးသွားပြီး အရေးပေါ်တောစီးဖိနပ်အရန်အဖြစ်လည်း ရဲဘော်၊ ရဲမေများမှာ မရှိကြကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် အိန္ဒိယရူပီး ၆၀၀ တန် တောစီးဖိနပ်မှာ ခြောက်လခန့် အကြမ်းခံ အသုံးပြု၍ ရသောကြောင့် CDF ပလက်ဝ ရဲဘော်ရဲမေများအတွက် အရေးပေါ် လိုအပ်နေသည့် တောစီးဖိနပ် ၂၅၀ အရံ ဝယ်ယူနိုင်ရန်  ကြိုးပမ်းနေပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေခြင်းဖြစ်သည်။

CDF ပလက်ဝမှ တပ်ရင်းမှူးတစ်ဦးသည် တောစီးဖိနပ်မရှိခြင်းကြောင့် စစ်ရေးလှုပ်ရှားနေစဉ် ကျွတ်ကိုက်ရာမှ အဆိပ်တက်ပြီး အိန္ဒိယဘက်ခြမ်းထိ ဆေးသွားကုရမှု ဖြစ်စဉ်ရှိခဲ့သည်၊ တချို့ရဲဘော်များမှာလည်း ထိလွယ်ချလွယ်သော အနာတရ ဒဏ်ရာများ ရရှိနိုင်မှု အများကြီးဖြစ်ပေါ်နေစေသည်ဟု သိရသည်။

ထို့အပြင် ပလက်ဝမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊၊ ကာကွယ်ရေးအဖွဲ့၊ ပညာရေး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေး ကော်မတီများ စနစ်တကျ လည်ပတ်နိုင်ရေးအတွက် ဆက်သွယ်ရေးစကားပြောစက် (အိုက်ကွန်စက်) အလုံး ၆၀ ခန့် အရေးပေါ် လိုအပ်နေသည်ဟု ပလက်ဝမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

အိုက်ကွန်တစ်လုံးကို အိန္ဒိယရူပီး ၂၀၀၀ ခန့် တန်ကြေးရှိနေပြီး လတ်တလောတွင် အိုက်ကွန် ၅ လုံးစာသာ ရရှိထားသောကြောင့် ပြည်တွင်းပြည်ပ ပြည်သူများ တတ်နိုင်သလောက် ကူညီကြရန် မေတ္တရပ်ခံထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ - ပလက်ဝသည် တပ်ရင်းဌာနချုပ်၊ တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

(အောက်ပါလင့်တွင် သွားရောက်ဆက်သွယ်နိုင်ပါသည်။)

https://www.facebook.com/chinlanddefenceforce.paletwa

May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...
May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်း စစ်တပ်တို့ကြား...
May 25, 2026
ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ...