ရခိုင်က စစ်ဘေးရှောင်များ ပြည်ပထွက်ခွာမှု မြင့်တက်လာ

ရခိုင်က စစ်ဘေးရှောင်များ ပြည်ပထွက်ခွာမှု မြင့်တက်လာ
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းက အဘိုးအိုတစ်ဦးအားတွေ့ရစဉ်။
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းက အဘိုးအိုတစ်ဦးအားတွေ့ရစဉ်။

ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှု၊ အကူအညီထောက်ပံ့မှု နည်းပါးလာခြင်းနှင့် မိသားစုဘဝ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြည်ပနိုင်ငံများသို့ ထွက်ခွာမှု များလာနေကြောင်း စခန်းတာဝန်ရှိ သူများက ပြောသည်။

“မိုခါ” မုန်တိုင်းလွန်ပြီးနောက် စစ်ဘေးရှောင်စခန်းမှာ ပြည်ပထွက်ခွာမှု သိသိသာသာ မြင့်တက်လာနေပြီး ပြည်ပ ထွက်ခွာသူထဲတွင် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးအများဆုံး ပါဝင်နေသည်။

ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်းဦးရေ တစ်ထောင်ကျော်ရှိပြီး လက်ရှိ ပြည်ပထွက်ခွာသူ ၂၀၀ ကျော် မှာ အမျိုးသမီး ၇၀ ရာခိုင်နှုန်းရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။

“အရင်တုန်းကလည်း လတိုင်းသွားလာနေကြတာရှိတယ်။ ဒါပေမယ့် ဒီမုန်တိုင်းနောက်ပိုင်းမှာတော့ မိန်းကလေး တွေ အများစုပါလာတယ်။ ယောက်ကျားတွေက နိုင်ငံခြားမှာဆိုတော့ အမျိုးသမီးတွေကလည်း သွားကြတာ ဖြစ် တယ်” ဟု ရသေ့တောင်မြို့မှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

လူဦးရေ ၉၃၀ ကျော်ရှိသည့် ကျောက်တော်မြို့၊ မီးရထားဘူတာစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာ ကူညီ ထောက်ပံ့မှု နည်းပါးလာသဖြင့် မုန်တိုင်းအလွန် စခန်းမှ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော် ပြည်ပထွက်ခွာသွား ကြသည်။

စစ်ဘေးရှောင်များမှာ နေရပ်ပြန်ရန် မသေချာသေးသည့်အချိန်တွင် တစ်နေ့ထက်တစ်နေ့ ကျပ်တည်းလာနေ သော စားဝတ်နေရေးပြဿနာနှင့် မိသားစုရှေ့ရေးတို့အတွက် ယခုကဲ့သို့ ပြည်ပထွက်ခွာလာကြခြင်း ဖြစ်သည်။

“ဒီနေရာမှာ ကျပ်တည်းလာတဲ့ဒဏ်ကို မခံနိုင်ကြတော့ဘူးလေ။ ဒါကြောင့် ငွေရမယ့်နေရာ၊ မိသားစုရှေ့ရေး အဆင်ပြေမယ့် နေရာကို သွားကြတယ်။ အခုစခန်းမှာဆိုရင် အလုပ်မလုပ်နိုင်တဲ့သူတွေနဲ့ ကလေးတွေလောက်ပဲ ကျန်တော့တယ်” ဟု ကျောက်တော်မြို့၊ မီးရတားဘူတာ စစ်ဘေးရှောင်စခန်းက ဦးဦးစိုးသိန်းက ပြောသည်။

ပြည်ပသို့ ထွက်ခွာနိုင်ရန်အတွက် လိုအပ်သည့်ငွေကြေးကို အတိုးနှင့်ချေးယူကြပြီး တချို့မှာလည်း မိမိဒေသတွင် နေထိုင်စဉ်က ရှာဖွေစုဆောင်ထားသော ပစ္စည်းဥစ္စာများကို ထုခွဲရောင်းချကာ သွားရောက်နေကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ကျောက်တော်မြို့၊ မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်းတွင် ခုံလှုံနေသည့် ဒေါ်ခိုင်သန်းရီက မိသားစုဘဝ ရေရှည်ရပ်တည်နိုင်ရေးနှင့် သားသမီးအနာဂတ် ကောင်းမွန်ရန်အတွက် နိုင်ငံခြားထွက်ခွာမည်ဟု ပြောသည်။

“တစ်နေ့တစ်နေ့လာရင် ဘယ်သူတွေကလာ ထောက်ပံ့မလဲလို့ မျှော်နေရတယ်။ ဒီမှာနေရင် ဒုံရင်းက ဒုံရင်းပဲ ဖြစ်မှာ။ သားသမီးတွေရဲ့ ကျန်းမာရေး၊ ပညာရေးအတွက် ပိုက်ဆံလိုလာတယ်။ ဒီမှာနေရင် အဲဒါတွေကို ဖြည့် ဆည်းပေးနိုင်မှာ မဟုတ်ဘူး” ဟု ဒေါ်ခိုင်သန်းရီက ပြောသည်။

စစ်ဘေးရှောင်များမှာ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာထောက်ပံ့မှု အကူအညီ နည်းပါးလာ နေပြီး စစ်ကောင်စီထံမှလည်း အကူအညီမရရှိသဖြင့် လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၃၀,၀၀၀ နှင့်သာ စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်။

စစ်ကောင်စီက စစ်ဘေးရှောင်များအားကူညီပေးမှု နည်းပါးနေသည့်အပြင် နိုင်ငံတကာနှင့် လူမှုကူညီရေး အဖွဲ့ အစည်းများကိုလည်း ကန့်သတ်ထားသဖြင့် ပိုမို၍အခက်ကြုံလာရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင် ရွက်နေသူများက ပြောဆိုကြသည်။

“ဒီအခြေနေမှာ စစ်ဘေးရှောင်တွေမှာ ရုန်းကန်ရ အများကြီးခက်ခဲလာတယ်။ ထိရောက်တဲ့ ကူညီဆောင်ရွက်မှု တွေ မရှိရင်တော့ (ပြည်ပနိုင်ငံတွေ) သွားမြဲသွားနေကြမှာပါ” ဟု ရခိုင်က စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူ ဦးဇော်ဇော်ထွန်းက ပြောသည်။

ရခိုင်ပြည်တွင် ဆင်းရဲမွဲတေမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ဒေသခံများမှာ လူမှုစီးပွား ဘဝတိုးတက်ရန် ပြည်ပထွက်ခွာသူဦးရေ တစ်နှစ်ထက်တစ်ထက် တိုးလာနေပြီး လူ့အရင်းအမြစ်များဆုံး ရှုံးနေရ သည်။

စစ်ဘေးရှောင်များမှာ နေရပ်သို့ပြန်မည်ဆိုလျှင် လုံခြုံရေးအာမခံချက်၊ မိုင်းအန္တရာယ်၊ တစ်သက်တာ ရှာဖွေ စုဆောင်းထားသော ပစ္စည်းဥစ္စာများမှာလည်း ဆုံးရှုံးသွားပြီဖြစ်၍ လူမှုဘဝရပ်တည်ရေးမှာ စိန်ခေါ်များ ရှိနေ သည်။

စစ်ကောင်စီအနေဖြင့် ယခုကာလတွင် စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ဦးစားပေး လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပြောဆိုထားကြသည်။

“စစ်ဘေးရှောင်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ ဘက်ကလည်း ထောက်ပံ့မှု လျော့နည်းတာကို မြင်တွေ့နေရ တယ်။ လက်နက်ကိုင်တွေအနေနဲ့လည်း ဒီအခြေအနေမှာ အပစ်အခတ်ရပ်စဲထားတဲ့ကာလ ဖြစ်တယ်ဆိုတော့ သူတို့(စစ်ဘေးရှောင်)ရဲ့ နေထိုင်စားသောက်ရေးကို လျစ်လျူရှုထားတာမျိုး မဖြစ်စေချင်ဘူး” ဟု ဘူးသီးတောင် မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်နေသူများမှာ စစ်ဘေးရှောင်အဖြစ်နှင့် နေထိုင်နေကြရသည်မှာ လက်ရှိတွင် ၅ နှစ်ခန့် ကြာမြင့်ခဲ့ ပြီဖြစ်သည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...